ဇာတိမြို့ငယ်လေး မှ ငယ်သူငယ်ချင်းများက သူတို့နှင့်ဆုံခိုက် ကျွန်တော့် ကို ဖိတ်၍ ထမင်းကျွေးပါသည်။စားသောက် ဆိုင်တွင်ကျွေးခြင်း မဟုတ်ပါဘဲ ငယ်သူငယ်ချင်းမ တစ်ဦး က သူ့အိမ်တွင်ကိုယ်တိုင် ချက်ပြုတ် ကျွေးကြခြင်းပါ။ သည်လိုနှင့် သူငယ်ချင်း(၇)ယောက် ခန့် ဆုံဖြစ်ကြပါသည်။
သူ ပြောသည့် "မမမိုး"ဆိုသည်က ကျွန်တော်တို့ထက် ၃-၄ နှစ်ခန့်ကြီးသည့် "မမိုးနုလွင်"ကိုပြောမှန်း ကျွန်တော် တန်းသိပါသည်။ သိမှာပေါ့။ ။ကျောင်းသားဘ၀ တုန်းက "မမမိုး"နှင့်"ကိုသူရိန်"တို့၏ အချစ်ဇာတ်လမ်း တွင် ကျွန်တော် က ဒါရိုက်တာ ကိုး။
(မမိုးနုလွင် နှင့် ကိုသူရိန် ဆိုသည်က အမည်ပြောင်းထားခြင်းဖြစ်ပါသည်။နာမည်ရင်းသုံးလျှင် ကာယကံရှင်တွေကိုထိခိုက်မည် စိုးသဖြင့် ဖြစ်ပါ၏ ။သည်ကြားထဲကမှ ကြံဖန်၍ အခြား မမိုးနုလွင်နှင့် ကိုသူရိန် ရှိနေခဲ့ပါမူ တိုက်ဆိုင်ခြင်း ဟု သဘောထားကာ ခွင့်လွှတ် စေချင်ပါသည်။)
သူတို့ နှစ်ဦး နှင့် ကျွန်တော် ပတ်သက်မိခဲ့ပုံက ဤသို့ပါ။
"ကိုသူရိန်"က ပျော်ပျော်နေတတ်သည်။မိဘဆွေမျိုးများက စီးပွားရေးတောင့်တင်းသည်။ပြီးတော့ သွားလေရာ အမြဲတမ်းပါတတ်သည့် ဂစ်တာ တစ်လက် ပြီးတော့ ဘယ်သွားသွား သူ အမြတ်တနိုးရှိလှသည့် YAMAHA- DT ဆိုင်ကယ် ကလည်း ပူးတွဲ ပါတတ်လေ့ရှိသည်။
မိတ်ဆွေအပေါင်းအသင်းများ၍ လူချစ်လူခင်များသည်။
သူ့ကို မိန်းခလေး အတော်များများထဲမှ ခင်မင်သူတွေ၊သိသူတွေ၊စိတ်ဝင်စားသူတွေ အပြည့် ရှိနေ သော်လည်း သူ တကယ်တမ်း ချစ်မြတ်နိုးရသူ ၊တကယ် တန်ဖိုးထား လက်ထပ်ရန် ရည်ရွယ်ထားသူ က "မမမိုး(မမိုးနုလွင်)"တစ်ဦးတည်းသာ။
မမမိုး ကတော့ ကိုသူရိန် ကို စိတ်မ၀င်စားပါ။ ဖုတ်လေသည့် ငပိ ရှိတယ်လို့တောင် မအောင့်မေ့ပါ။
သူ့ကို တွေ့တာနှင့် စကားအပြတ် ပြောပစ်လိုက်သည် က များပါသည်။
"ဆရာကြီး မင်းသုဝဏ်"၏ လေးလုံးစပ် အချစ်ကဗျာ လေးတစ်ပုဒ်လိုပြောရလျှင်-
"အိပ်မက်၌ ပင်
စိမ်း ရုပ်ဆင်သည်
သခင် မုန်းနိုင်ဘိ တကား။"
ဟူသော အခြေအနေမျိုးပါ။
လုံးဝ လက်သင့်မခံသော "မမမိုး"ကို "ကိုသူရိန်"က အတော်ကို ကြိုးစား ယူသည်။ မတတ်နိုင်သည့်အဆုံး ကျွန်တော့်ကို ကိုသူရိန် က စစ်ကူ လာတောင်းသောအခါ ကျွန်တော် က လည်း ပြီးပြီးရော သဘောဖြင့် ဆရာမင်းလူ ၏ကဗျာ ကိုကူးပြီး "မမမိုးလက်ထဲရောက်အောင် ထည့်လိုက်ဗျာ"ဟု ပြောပြီး ပေးခိုင်း လိုက်သည်။
မမမိုး တော့ မသိပါ။ ကာယကံရှင် ကိုသူရိန်ကတော့ အတော် ကြွေ သွားသည် ဟုဆိုပါ၏။
"မျက်နှာတောင် မကြည့်ချင်ဘူး"တဲ့…
သြော်…မျက်နှာမြင် ချစ်ခင် မိမှာ စိုးလို့လား။
"အသံတောင် မကြားချင်ဘူး"တဲ့…
သြော်…အသံကြား သနားမိမှာ စိုးလို့လား။
"ဘာ မှ လာမပြောနဲ့"တဲ့…
သြော်…မေးပါများ စကားရမှာ စိုးလို့လား။
"ည ည အဆောင်ရှေ့မှာ သီချင်း လာမဆိုပါနဲ့"တဲ့…
သြော်…မအိပ် မနေ အသက်ရှည် မှာ စိုးလို့လား။
"အခန်း ကို နှင်းဆီပန်းတွေ မပို့ပါနဲ့"တဲ့…
သြော်…ရေလို အေးလို့ ပန်းလို မွှေးမှာ စိုးလို့လား။
"ဘာမှ ပြောစရာ မရှိဘူး"တဲ့…
သြော်…စကား ထဲ က ဇာတိ ပြမှာ စိုးလို့လား။
"……………………………….."
သြော်…ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ။
ဤကဗျာ ကို မမမိုး ရရှိပြီး နောက် သူတို့ နှစ်ဦး အဆင်ပြေသွားသည်ဟုကြားပါသည်။ မမမိုး က ဘယ်လို နားလည် သဘောပေါက်ပြီး ဘယ်လို ကြွေသွားသလဲတော့ မသိပါ။ ထူးဆန်းပါဘိ။ ဘာပဲဖြစ်ဖြစ် စစ်ဆင်ရေး အောင်မြင်သည် ဆိုရမည်ပေါ့လေ။ ထို အချိန်နောက်ပိုင်းတွင်မူ ကျွန်တော် လည်း ဇာတိမြို့လေး မှာ မရှိတော့ပါ။
ဤနေရာတွင် စာဖတ်သူ ဓမ္မမိတ်ဆွေက ကျွန်တော့်ကို- "ဓမ္မရသဆောင်းပါး ဟုလည်းပြောသေး "အချစ်"တွေ ဘာတွေ နဲ့ ဘယ်လို ဖြစ်လာတာတုန်း"ဟု မေးစရာရှိပါလိမ့်မည်။
ထို အမေး ကို ဤဓမ္မရသ ဆောင်းပါး ဆုံးအောင်ဖတ်ပြီးသော အခါမှသာလျှင် ပေးလိုက်သောအဖြေ ကိုတွေ့ရှိသွားမည် ဖြစ်ပါသည် ဟု ဦးစွာ ပဏာမ ဆိုလိုက်ချင်ပါ၏။
ပြောလက်စ ဆက်ပါရစေ။
ထမင်းစားပြီးသော် ဆိုင်ကယ် ကိုယ်စီဖြင့် "မမမိုး"ဆီသို့ဦးတည်က သွားဖြစ်ကြပါသည်။ တစ်လမ်းလုံး ရယ်စရာမောစရာ ပြောလာသော ကျွန်တော် မှာ သူ တို့ဘယ်ဆီကို ဦးတည် မောင်းနေမှန်းမသိတော့။ မရောက်တာကြာပြီ ဖြစ်သော ဇာတိမြို့ငယ်လေး က အတော် စိမ်းနေသဖြင့် လမ်းတွေလည်း မမှတ်မိတော့တာလည်းပါသည်။ ဆိုင်ကယ် ကို စက်သတ် လိုက်တော့မှ "မမမိုး"နေထိုင်ရာ နေရာ သို့ ရောက်မှန်းသိပါတော့သည်။
တွေ့ရပါပြီ "မမမိုး"။ ကျွန်တော် ဘယ်လိုမှ မထင်မှတ်ထားသည့် ပုံစံ နှင့်တွေ့လိုက်ရခြင်း ပါ။
သူ့ကိုတွေ့သည် နှင့် ကျွန်တော် ရှိခိုး ကန်တော့လိုက်ရပါသည်။
တကယ်တော့ သူသည် (၈)နှစ်ခန့် "သီလရှင်"သက်(သို့မဟုတ်) "၀ါ"ရနေပြီဖြစ်သော သီလရှင် ဆရာလေးဖြစ်နေပေပြီ။
ဘွဲ့က "သီလရှင်ဆရာလေး - မုဒိတာထေရီ"ဟူ၏။
ဘယ်ကနေ ဘယ်လို ဘယ်လို မျက်စိလည် ပြီး "ဗုဒ္ဓ၏သမီးတော် သီလရှင်ဆရာလေး"ဖြစ်နေရပါသနည်း။
သူ၏ "မူလ ဘာသာ"သည် "ဗုဒ္ဓဘာသာ"မဟုတ်ပါ။
ထပ်ပြောပါရစေ ခင်ဗျာ။
မမမိုး ၏ "မူလ ဘာသာ သည် ဗုဒ္ဓဘာသာ မဟုတ်"ပါလေ။
ဘာတွေဖြစ်ကုန်သနည်း။ နော့ဖြင့် "ကိုသူရိန်"ကရော။
ဤသည်မှာ ကျွန်တော့်အတွက် ကြီးမားလှစွာသော ပဟေဠိ ဖြစ်နေရပါပြီ။
"ဒကာကြီး နေကောင်းတယ်နော်"
"တင်ပ့ါ ဆရာလေး ၊ နေကောင်းပါတယ်"
"ဒကာကြီး မျက်နှာမှာ မေးခွန်းတွေအများကြီး ပေါ်နေသလိုပါပဲ။ ကိုင်း လာပါ ဆရာလေး အဆောင်မှာ ခဏ နားပါဦး။"
ဆရာလေး က သူ သီတင်းသုံးရာ "တစ်ဦးနေ ကမ္မဋ္ဌာန်းကျောင်းလေး"တစ်ကျောင်းဆီသို့ ဦးဆောင်ခေါ်သွားပါသည်။
ထို တစ်ဦးနေ ကျောင်းလေး သို့ရောက်သောအခါ သူငယ်ချင်းများ က ဘယ်တုန်းကကတည်းက ကြိုတင် စီစဉ်ထားမှန်းမသိသော လှူဖွယ်များ ကို လှူဒါန်းပါသည်။
သီလယူ၊ အမျှဝေ ပါသည်။ စကားစမြည် အနည်းငယ် ပြောကြပါသည်။
ပြီးတော့ တဒင်္ဂ တိတ်ဆိတ်သွားပါသည်။
ထို တိတ်ဆိတ်မှုကိုဖြိုခွင်းသူမှာ အလှူဒါနမြောက်သည့် အချိန် အထိ အောင့်အီး စောင့်ဆိုင်းနေရသော ကျွန်တော့်ထံမှ မေးခွန်းသံ ဖြစ်မည် ထင်ပါသည်။
"တပည့်တော် သိချင်တာလေးမေးချင် တာပါဘုရာ့။
ဆရာလေး က -
စီးပွားရေးကလည်း ပူပင်စရာမရှိသူ။ပြီးတော့ ဘွဲ့ရ ပညာတတ်တစ်ယောက်။
ပြီးတော့ ကန်တော့ပါရဲ့ ။ ဆရာလေး ကို နှစ်နှစ်ကာကာ ချစ်တဲ့သူ လည်း ရှိနေပါရက်နဲ့ ဘယ်က ဘယ်လိုဖြစ်ပြီး သာသနာ့ဘောင်ထဲ ရောက်လာတာလဲ ဘုရာ့။ စပ်စုတယ်လို့တော့ မထင်ပါနဲ့ ။
ဆရာလေး ဖြေ ချင်မှ ဖြေပါ။ ဖြေသင့် မှ ဖြေပါ။"
သူ့မျက်နှာသည် ချက်ချင်းပင် ရင့်ရော် အိုမင်းသွားသည်ဟု ကျွန်တော် ခံစားလိုက်ရသည်။ ပြန်ဖြေသောစကားသံ သည်ပင်လျှင် ခဏတုန်းက "ဒကာကြီး နေကောင်းတယ်နော်"ဟု မေးသော စကားအသံလောက် မျှပင် မကျယ်တော့ပေ။
"အင်း အခု သြဂုတ်လ ဆိုရင် ဆရာလေး လူ့ဘ၀တုန်း က ချစ်သူ ဆုံးခဲ့တာ (၁၀) နှစ် နဲ့ သုံးလ ရှိပြီပေါ့"
"ဟင်..ဘယ်လို"
ဖြုန်းစားကြီး ခုမှ သိရသော ကျွန်တော် သည် မည်သို့ နားလည်ရမည် မသိပါ။ဤကိစ္စ ကို ကျွန်တော့် ငယ်သူငယ်ချင်းများက လည်းကြိုတင် ပြောမထားပါ။
"ဟုတ်တယ် ဒကာကြီး ။ "ဒကာ ကိုသူရိန်"ဆုံးသွားပါပြီ။"
ထို စကားလုံးသည် ဆရာလေး ၏ ရင်ထဲတွင် မိုးချုန်းသံလို ပဲ့တင်မြည်ဟိန်းနေမည် လားမပြောတတ်။
"ကြိုးစားပြီးတော့ မေ့ပစ်ပါတယ်။ ခုချိန် ထိ မေ့မရသေးပါဘူး။သည် အတိတ်အကြောင်းကို တွေးမိတိုင်း ရင်ထဲ ဆို့နစ်နေရတုန်းပါပဲ"
ဆရာလေး အသံ က တုန်ခါချင်လာသည်။ စကား ကိုဖြတ်ပြီး ဟိုး အဝေး ကို လှမ်းကြည့်သည်။အတိတ် ကပုံရိပ်တွေ သည် သူ့အာရုံ တွင် တဖျတ်ဖျတ် ပုံပေါ်နေပြီလား မသိပါ။
"လွန်ခဲ့တဲ့ (၂၀၀၃) နှစ် သြဂုတ်လ(၈) ရက်နေ့က ဆိုရင် ဆရာလေး အဲလေ လူ့ဘ၀ တုန်းက နာမည်နဲ့ပဲပြောရင်ကောင်းမယ် ထင်တယ်။ "မမိုး"ပေါ့လေ။
ချစ်သူသက်တမ်း(၆)နှစ်ပြည့်နဲ့ အတူ စေ့စပ်ကြောင်းလမ်းပွဲလုပ်ဖို့ အတွက် နှစ်ဖက်ဆွေမျိုးတွေ အကြောင်းကြားဖို့ ပုသိမ် ကို သွားဖို့ ကိစ္စ ရှိလာ တယ်။
ကိုသူရိန် က သူမြတ်နိုးတဲ့ သူ့ရဲ့ YAMAHA –DT နဲ့ အမှတ်တရ အနေနဲ့ သွားရအောင် ဆိုတော့ ပျော်ပျော်ကြီး စီးပြီး သွားခဲ့ကြတာပေါ့။
ချစ်သူနှစ်ဦး နီးစပ်ခွင့်ရတော့မယ် ဆိုတဲ့ အတွေးနဲ့ အပျော်ကြီးပျော်နေတာ။
ဆိုင်ကယ် က (၄၅)မိုင်နှုန်းလောက်ရှိတာဆိုတော့ မြန်မှမြန်ပေါ့။ အဲဒီအချိန် ကိုသူရိန် ရဲ့ ခါး ကို မမိုး က ဖက် ထားတာပေါ့၊
လမ်းမှာပျင်းမှာစိုးလို့ ကိုသူရိန် က ရယ်စရာ ဟာသတွေပြောလိုက်တော့ မမိုး က အားရပါးရ ရယ်လည်းရယ်ပြီး ကိုသူရိန် ခါးကို တို့လိုက်မိတော့ ရုတ်တရက် လန့်သွားပြီး လမ်းဘေးစောင်းကို ဆင်းမိသလိုဖြစ်ပြီး မှောက်ပါလေရော။ အင်း.. (၄၅)မိုင်နှုန်းလောက်မောင်းလာတာ ဆိုတော့ "
သူ့စကား နားထောင်လိုက်ရသည်မှာ ကျွန်တော် ပင် အသက်ရူကျပ်ချင်သကဲ့သို့ဖြစ်သွားရပါသည်။ရင်တွေပင် ပူလောင်လာသကဲ့သို့ရှိနေသည်။
"ဆိုင်ကယ် မှောက် တော့ ကိုသူရိန် က လွှင့်ကျ သွားတာ။ ပြီးတော့ ဆိုင်ကယ်ကြီး က သူ့အပေါ်ထပ်ပိနေသေးတယ်။
မမိုး လည်း လက်တွေကျိုး၊ သွေးသံ ရဲရဲ နဲ့ ကြားထဲ ပဲ သူ့ကို ဆေးရုံရောက်အောင် ကိုယ်တိုင်ပဲ ပို့ခဲ့ရတယ်။ ဆေးရုံ ရောက်တော့အခြေအနေ ကမကောင်းလှတော့ပါဘူး။
သတိ လေး နဲနဲ ရလာတဲ့အချိန်မှာ မမိုး ဆီက ကိုသူရိန် က "ကတိ"တစ်ခုတောင်းတယ်။
"သူ့ကို တကယ် ချစ်တယ် ဆိုရင် သူ့ လိုပဲ ဗုဒ္ဓဘာသာ ကို အသက်ထက်ဆုံး ယုံကြည်စေချင်တယ်"ဆိုတဲ့စကားပဲ။
မမိုး က အဲဒီ အချိန်မှာ ဗုဒ္ဓဘာသာ နဲ့ပတ်သက်ပြီး ဘာမှ နားမလည်သေးပါဘူး။
ဒါပေမယ့် ချစ်သူ ရဲ့ နောက်ဆုံးအချိန် ၊ ဘ၀ကူးတော့မယ့် အချိန်မို့ ခေါင်းညိတ် ကတိ ပေးလိုက်ပါတယ်။"
သူ တော့ မပြောတတ်၊ ကျွန်တော်ပင် လျှင်သူ့စကားနားထောင်ပြီး ဆို့ကျပ်ချင်သလိုဖြစ်လာပါသည်။
ထို့နောက် မမိုး သည် ကိုယ်တိုင်လည်း ဆိုင်ကယ်မှောက်တဲ့ ဒဏ်ရာကြောင့် လက်အရိုးတွေ ကြေမွ သွားသဖြင့် စတီးချောင်းတွေအစားထိုး ထည့်၊မျက်လုံးလည်း ထိ သွားသည် ။
ကံကောင်းထောက်မ လို့ ရုပ်ပျက်ဆင်းပျက် တော့မဖြစ်ခဲ့သော်လည်း သေကောင်ပေါင်းလဲ ဒဏ်ရာဖြင့် ဆေးရုံ တွင် နာတာရှည်လူမမာဖြစ်ခဲ့ရသည်ပေါ့။
ဆွေမျိုးအသိုင်းအ၀ိုင်းက သူ စိတ်မလေ စေရန် အမျိုးသားတစ်ဦး နှင့် အိမ်ထောင်ချပေးရန် ကြိုးစားကြ သည်။
သူ လက် မခံတော့။
ချစ်ခြင်း ကြောင့် ခွဲခွာရသည့် ဒဏ် ကို သူ မခံနိုင်တော့။ သည် ပတ်ဝန်းကျင် နှင့် သည် အသိုင်းအ၀ိုင်းမှ ရုန်းထွက် ရှောင်ဖယ် ဖို့ကြိုးစားသည်။
နောက်ဆုံးတွင် ချစ်သူ ကိုသူရိန် ကို ပေးခဲ့သော ကတိစကား ကိုအမှတ်ရလိုက်သည်။ သူ သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သမီးတော် အဖြစ်ခံယူကာ သီလရှင် ဆရာလေး အဖြစ် သာသနာ့ဘောင်သို့ ၀င်လိုက်သည်။
"မမိုး ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ဖယ်ကျဉ်မှုဒဏ် ကတော့ထုံးစံအတိုင်းခံရတာပါပဲ။
ဒါပေမယ့် မတုန်လှုပ်ပါဘူး။
ဟောဒီ (……….)သီလရှင်ကျောင်းမှာ သီလရှင်ဝတ် ပြီးတော့ မဟာစည်မှာ တရားအားထုတ်တယ်။
ပြီးတော့ "အလိုတော်ပြည့် ဆရာတော်ကြီး"ဆီကိုသွားပြီး ဆက်လက် တရားအားထုတ်တယ်။ နည်းနာနိဿယတွေထပ်ခံတယ်။
ဘုရားရှင်ရဲ့ဒေသနာတော်တွေ ကို ဆရာလေး ရဲ့ ဥပဇ္ဈာယ် ဆရာကြီး ကပြောပြ၊သင်ပေး၊ နာကြားရင်းနဲ့ ဆရာလေး ရဲ့ အဖြစ်က ဘုရားရှင် လက်ထက် က "ပဋာစာရီ"ရဲ့ အဖြစ်လောက်အခြေအနေမဆိုးသေးမှန်းသိလာရလို့ ဖြေသိမ့်နိုင်လာတယ်။
သာသနာရဲ့အဆုံးအမ ကနေတစ်ဆင့် တရား ဆိုတာကိုသဘောပေါက်လာတယ်။"ဓမံ္မသရဏံ ဂစ္ဆာမိ"ကို နားလည် လာတဲ့အချိန်မှာ"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"ကိုလည်း ပိုသိလာတယ်။အဲဒီက တစ်ဆင့် "သံဃံ သရဏံ ဂစ္ဆာမိ"ကိုလည်းလှမ်းမြင်လာတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ကျေးဇူးတော် ကြီးမားပုံ၊ ဉာဏ်ပညာကြီးမားပုံ၊သဗ္ဗညုတဉာဏ်တော်ရဲ့ကျယ်ဝန်းနက်နဲပုံတွေကိုပါသိမြင်ခံစားလာရပါတယ်။
အခု ဆရာလေး ဟာ အရင်တုန်းက ဘယ်လိုမှ မမျှော်မှန်းခဲ့တဲ့ ဘ၀ တစ်ခုကိုရနေပြီ။
ဒီ ဘ၀သစ် ကို ရအောင် အသက်နဲ့လဲ ပြီး အကြောင်းအထောက်အပံ့ပြုလိုက်တာကတော့ ဆရာလေး ရဲ့ တစ်ချိန် က ဒကာကြီး ပဲပေါ့။
ဆရာလေး အခု ၀တ်ထားတဲ့ ဟောဒီ သီလရှင် ၀တ်စုံ ဟာ ဒကာကြီး ကိုသူရိန် က အသက်နဲ့ထပ်တူ လှူဒါန်းတဲ့ သီလရှင်ဝတ်စုံ လို့ ဆရာလေး မှတ်ယူထားပါတယ်။
ဒါကြောင့် ဒီ သီလရှင်ဝတ်စုံ ကိုဝတ်ဆင်နေသူ သီလရှင်တစ်ပါးမှာ ရှိသင့် ရှိအပ်တဲ့အရည်အချင်းတွေ၊
လိုက်နာစောင့်ထိန်းသင့်တဲ့စည်းကမ်းတွေ၊
ဘုရားရဲ့ သမီးတော် ပီသ ဖို့ ဘုရားရှင် ရဲ့ အဆုံးအမ နဲ့အညီ ကျင့်ကြံ အားထုတ်သင့်တာတွေလည်း
အသက်ထက်ဆုံး ဆောင်ရွက်သွားဖို့ ဆရာလေး စိတ်ပိုင်းဖြတ်လိုက်ပါပြီ ဒကာကြီး။"
"သာဓု သာဓု သာဓု ပါ ဘုရား"
ခုန က အချိန်တုန်း ကတော့ဖြင့် "သီလရှင်ဆရာလေး-ဒေါ်မုဒိတာထေရီ "သည်"မမိုးနုလွင်"ဟူသော အမျိုးသမီးတစ်ယောက်၏ စိတ် ဖြင့် လွင့်မျောရီဝေ ခဲ့ပေမည်။
ယခုတော့ "သီလ၊သိက္ခာ၊၀ိသုဒ္ဓိ၊"စသည့်စကားလုံးများဖြင့် သူ၏အားမာန်များသည် ပြန်လည် အသက်ဝင်လာသလို ကျွန်တော် မြင်တွေ့လိုက်ရသောကြောင့် "သာဓု"အနုမောဒနာ လေးလေးနက်နက်ခေါ်ခဲ့ရင်း ပြန်လာခဲ့ပါသည်။
("သီလရှင်ဆရာလေး-ဒေါ်မုဒိတာထေရီ"သို့…၊ မှတ်မှတ်ရရ)
(May all beings Living in all the ten directions be happy. May they all share the merits I acquire.
May all be happy! May all be happy! May all be happy!)
မေတ္တာရည်လျက်-
ဉာဏ်လင်းမြို့
၁၃၇၅ခုနှစ်၊၊၀ါခေါင် လဆန်း(၉)ရက် ၊ကြာသပတေးနေ့- (ညနေ-၃း ၁၁)
ဗုဒ္ဓကမ္ဘာမှ ကူးယူဖော်ပြပါသည်။