မိတ်ကောင်းဆွေကောင်း
“လောကမှာ မိတ်ကောင်းဆွေကောင်းရှိဖို့လိုတယ်” လို့ လူတွေကပြောလေ့ရှိကြတယ်။ သို့သော် မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးသာ မိတ်ကောင်းဆွေကောင်းလဲဆိုတာ သိဖို့အရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်တဲ့အခါမှာ လွဲချော်မှုတွေ ရှိကောင်းရှိနိုင်တယ်။ သို့မဟုတ် မိတ်ကောင်းဆွေကောင်းကို သရုပ်ဖော်တဲ့အခါမှာ မပြည့်စုံတာတွေရှိနိုင်တယ်ပေါ့။ မိတ်ကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာကိုတော့ လူတိုင်းလက်ခံတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးဟာ မိတ်ကောင်းဆွေကောင်းလဲဆိုတာကျတော့ လူတိုင်းမသိနိုင် ဘူးပေါ့။
မိတ်ကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာ ဘယ်အတိုင်းအတာအထိ လိုအပ်သလဲဆိုတာ သိရအောင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေကို လေ့လာ ကြည့်ကြရမယ်။
ဘ၀ကြီးပွားတိုးတက်ရေးအတွက် မိတ်ကောင်းဆွေကောင်းလိုအပ်တာပဲ။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို မျက်မောက်ပြုဖို့အတွက်လည်း မိတ်ကောင်းဆွေကောင်းလိုအပ်တာပဲ။ လောကီရေးရာကိစ္စမှာဖြစ်ဖြစ်၊ လောကုတ္တရာရေး ကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာရှိတယ်။
ကြီးပွားတိုးတက်ဖို့ အင်္ဂါနှစ်ရပ်
မြတ်စွာဘုရားက ကြီးပွားတိုးတက်ဖို့အတွက် အင်္ဂါနှစ်ချက် ဖော်ပြထားတာရှိတယ်။ လောက သံသရာနှစ်ဖြာကြီးပွားရေးအတွက် -
(၁) မိတ်ကောင်းဆွေကောင်းရှိရမယ်။ ဒါက အပြင်ဘက် အကြောင်းတရား External Condition ပေါ့။
(၂) ယောနိသော မနသိကာရ- မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု။ ဒါက အတွင်းဘက် အကြောင်းတရား Internal Condition ပေါ့။ အပြင်အကြောင်းတွေက ဘယ်လောက်ကောင်း ကောင်း ယောနိသော မနသိကာရ ဆိုတဲ့ အတွင်းအကြောင်း Internal Condition မကောင်းဘူး ဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်းအပြင် ဘက်စုံကောင်းဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက ဟောတယ်။
အတွင်းနဲ့အပြင် အကြောင်းနှစ်ခု
နေရာတိုင်းမှာ မြတ်စွာဘုရားဟာ အကြောင်းကို နှစ်ခုနှစ်ခု ဟောလေ့ရှိပါတယ်။ သေသေချာချာ သတိထားကြည့်ရန်သိနိုင်တယ်။ External Condition, Internal Condition - အပြင်ဘက် က အကြောင်းတရာ၊ အတွင်းဘက်က အကြောင်းတရား။ အတွင်းနဲ့အပြင် ဒီအကြောင်းနှစ်ခု ပေါင်းစပ်ပြီးမှ အကျိုးတရား ထုတ်လုပ်လို့ရတယ်။ ဒါသိပ်သဘာဝကျတယ်။
ဆိုပါစို့၊ ဘုန်းကြီးတို့တစ်တွေ နေ့စဉ်စားနေတဲ့ အစာအာဟာရပဲကြည့်လေ။ ခန္ဓာကိုယ်က ကျန်းမာမှုလို့ ကံကြောင့်ဖြစ်တဲ့ သြဇာလို့ခေါ်ရတဲ့ အတွင်းအာဟာရရုပ်က အခြေအနေကောင်းဖို့လိုတယ်။ အပြင်ဘက်က စားလိုက်တဲ့ အစာထဲမှာပါလာတဲ့ ဗဟိဒ္ဓသြဇာ External nutriment, အဲ့ဒီနှစ်ခု ပေါင်းသပ် လိုက်တဲ့အခါကျတော့မှ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်။
ဒါကြောင့်မို့ အပြင်အစားအစာလည်း လိုအပ်တယ်။ အတွင်းက ကျန်းမာရေးအခြေအနေကောင်းဖို့ လည်း လိုအပ်တယ်။ ကျန်းမာရေးအခြေအနေမကောင်းတဲ့ပုဂ္ဂိုလ်ကို ဘယ်လောက်အစာကျွေးနေနေ တိုးတက်ကောင်းမွန်လာမှာမဟုတ်ဘူးနော်။ အေး……. အဲ့ဒါကြောင့်မို့ အတွင်းအပြင်နှစ်မျိုး နေရာတကာမှာ လိုအပ်တယ်ဆိုတာ အင်မတန်မှ လက်တွေ့ကျတယ်။ ထို့အတူပဲ အပြင်ဘက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။ အတွင်းလူကိုယ်တိုင်မှန်ကန်တဲ့ နှလုံးသွင်းတရားရှိရမယ်။ အဲ့ဒီနှစ်ခုပေါင်းစပ်ပြီဆိုရင် ကောင်းကျိုး ချမ်းသာတွေရနိုင်တယ်။
အပြန်အားဖြင့် နားလည်ရမှာက အပြင်ဘက်က မိတ်ကောင်းဆွေကောင်းမရှိဘူး၊ ကိုယ်ကိုယ်တိုင် ကလည်း ယောနိသော မနသိကာရ လို့ခေါ်တဲ့ မှန်ကန်စွာ တွေးတောဆင်ခြင်တတ်မှု မရှိဘူးဆိုရင် အကျိုးဆုတ်ယုတ်လိမ့်မယ်ပေါ့။
မကောင်းကျိုးတွေဖြစ်ဖို့ အခြေခံအားဖြင့် ဒီအကြောင်းတရားတွေပဲ။ ကောင်းကျိုးတွေရဖို့ဟာလည်း အခြေခံအားဖြင့် ဒီအကြောင်းနှစ်ခုပဲ။ အတွင်းနဲ့အပြင် အကြောင်းတရားနှစ်ရပ် ပေါင်းစပ်ပြီးတဲ့အခါမှ အကျိုးတစ်ခုဖြစ်ပေါ်တာ “မိစ္ဆာဒိဋ္ဌိဖြစ်မှု၊ သမ္မာဒိဋ္ဌိဖြစ်မှု” နဲ့ ပတ်သက်ပြီးတော့လည်း မြတ်စွာဘုရားက ဒီလိုပဲဟောထားတာရှိတယ်။
မိစ္ဆာဒိဋ္ဌိဖြစ်မှုနဲ့ သမ္မာဒိဋ္ဌိဖြစ်မှု
နမူနာယူပြီး ကျယ်ကျယ်ပြန့်ပြန့်နားလည်ဖို့အတွက် ပြောကြရအောင်။ လူတစ်ယောက် အတွေး အခေါ်တွေမှားသွားအောင်၊ အယူအဆတွေမှားသွားအောင်၊ မှားယွင်းတဲ့အတွေးအခေါ်တွေရသွားအောင် အကြောင်းဘယ်နှစ်မျိုးရှိလဲဆိုရင် နှစ်မျိုးရှိတယ်တဲ့။
ပရတောဃောသ = သူတစ်ပါးထံမှဟောပြောပို့ချတဲ့အသံတွေ၊ ဒါအပြင်ဘက်က အကြောင်းတရား ပဲ။ အယောနိသော မနသိကာရ = ကိုယ်တိုင်က မှန်မှန်ကန်ကန် ဆင်ခြင်နှလုံးသွင်းမှုမရှိဘူး၊ အတွင်းပိုင်း ဆိုင်ရာအကြောင်း၊ အပြင်ဘက်ကလည်း မမှန်ကန်တဲ့ ဟောပြောချက်တွေကို နားထောင်မယ်။ ကိုယ့်ရဲ့ နှလုံးသွင်းမှုကလည်း မှန်ကန်မှုမရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲ။ ဒါမိစ္ဆာဒိဋ္ဌိဖြစ်ခြင်း အကြောင်းပဲ။
သမ္မာဒိဋ္ဌိ-မှန်ကန်တန်အမြင်ရဖို့ဆိုတဲ့နေရာမှာလည်း အတွင်းအကြောင်းနဲ့ အပြင်အကြောင်းနှစ်ခု ပေါင်းစပ်ထားတာပဲ။ ပရတောဃောသ-မှန်မှန်ကန်ကန်ဟောပြောပို့ချတဲ့ တရားဓမ္မအသံကို ကြားနာမှုက အပြင်အကြောင်း၊ ယောနိသောမနသိကာရ- အသိ ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားနိုင်မှုက အတွင်းအကြောင်း။ အဲ့ဒီအကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါ သမ္မာဒိဋ္ဌိ လို့ခေါ်တဲ့ မှန်ကန်တဲ့အမြင်တစ်ခုရှိလာနိုင်တယ်။
အရင်သာရိပုတ္တရာ မထေရ်မြတ် သောတာပန်ဖြစ်ပုံကြည့်ဦး။ သူ့ဘာသာဖြစ်သွားတာမဟုတ်ဘူး။ အရှင်သာရိပုတ္တရာအလောင်းဟာ ပင်ကိုယ်အနေအထားက အင်မတန် ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲ။ ရဟန်း ဖြစ်လာမှ ဉာဏ်ထက်တာမဟုတ်ဘူး။ မွေးကတည်းက Intelligent ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲ။ သို့သော် အပြင်ဘက်က အကြောင်းတစ်ခုလိုနေသည့်အတွက်ကြောင့် အမှန်တရားကို လိုက်ရှာတာ အတော်ကြာ အောင် မတွေ့နိုင်ဘူး။
ကြည့်………. ဘာကြောင့်လဲ၊ အတွင်းအကြောင်းရှိသော်လည်း အပြင်အကြောင်းတရားက အထောက်အပံ့မပေးသေးဘူး။ အရှင်အဿဇိနဲ့တွေ့တဲ့အခါဗုဒ္ဓ၀ါဒကို အကျဉ်းချုပ်ပြီး ယခုလို ရှင်းပြ လိုက်တယ်။
“ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော”
“သဘာဝတရားတွေဟာအကြောင်းကို အခြေခံတာဖြစ်တယ်။ အဲ့ဒီ တရားတွေရဲ့အကြောင်းရင်း အစစ်မှန် ကို မြတ်စွာဘုရားကဟောတယ်” အဲ့ဒီအကြောင်းတွေ ချုပ်ငြိမ်းသွားလို့ရှိရင် အကျိုးတရားတွေ ချုပ်ငြိမ်း သွားတယ် ဆိုတာကိုလည်းပဲ မြတ်စွာဘုရားဟောတယ်။ ချုပ်ငြိမ်းတဲ့ နည်းလမ်းတွေကိုလည်း ဟောတယ်လို့ သစ္စာလေးပါးကို အကျဉ်းချုပ်ပြောလိုက်တာ ဒုက္ခနဲ့ သမုဒယ ဒီနှစ်ခုနာလိုက်တာနဲ့ အရှင် သာရိပုတ္တရာ အလောင်းဟာ သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်။
“ပရတောဃောသ” လို့ခေါ်တဲ့ မှန်ကန်တဲ့ တရားသံက ပြင်ပအကြောင်းတရား။ မိမိကိုယ်၌က အသိဉာဏ်ရှိတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်တယ်ဆိုတဲ့ ယောနိသော မနသိကာရ က အတွင်း အကြောင်းတရား External Condition အချိုးညီညီ ပေါင်းစပ်လိုက်တဲ့အခါ သောတာပန်အဆင့် ရောက်သွားတာ။ သံသယတွေကင်းသွားတယ်။ မှန်ကန်တဲ့ အမြင်တစ်ခုရသွားတယ်။ ဒါဆိုရင် မိတ်ကောင်း ဆွေကောင်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မထင်ရှားပေဘူးလား။
သံသရာခရီးမှာ လျှောက်လှမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် မိတ်ကောင်းဆွေကောင်းဆိုတာ အင်မတန်မှ အရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းအရေးကြီးသလို မိမိကိုယ်တိုင်ကလည်း ယောနိသော မနသိကာရ = (Wise attention) မှန်မှန်ကန်ကန်စဉ်းစားတတ်မှု ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ ကလည်း လိုအပ်သေးတယ်။ အဲ့ဒီအခြေအနေနှစ်ရပ် ဟန်ချက်ညိညီ မိမိတို့ သန္တာန်မှာ ရှိပြီဆိုရင် လောက ကြီးပွားရေးပဲလုပ်လုပ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့တရားဓမ္မပဲကျင့်ကျင့် ဒီပုဂ္ဂိုလ်ဟာ အောင်မြင်မှာ သေချာ တယ်။
အဲ့ဒီတော့ ဘုန်းကြီးတို့တစ်တွေ အကျိုးကိုလိုချင်လို့ရှိရင် အကြောင်းကို ဆည်းပူးရတယ်။ အကျိုးကို မှန်းမျှော်ပြီး အကြောင်းတရားကို နားမလည်ဘူးဆိုရင် ရပါ့မလား၊ မရဘူး။ အလင်းရောင် လိုချင်လို့ရှိရင် လျှပ်စစ်မီးဖြစ်စေ၊ ဖယောင်းတိုင်မီးဖြစ်စေတစ်ခုခုထွန်းရမယ်မဟုတ်လား။ အလင်းရောင် တိုက်ရိုက်ယူလို့ရတာမဟုတ်ဘူး။ အလင်းရခြင်းရဲ့အကြောင်းတစ်ခုကို ရှာဖွေရတာပဲ။
ထို့အတူပဲ ကောင်းကျိုးချမ်းသာကို ရချင်ပြီဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်း တရားတွေလုပ်ဖို့လိုတယ်။ မလုပ်ဘဲနဲ့ ဘာမှဖြစ်မလာဘူး။
လောကလူတွေကြည့်လေ……. မျက်စိက ကောင်းတာ၊ လှတာလေး၊ နှစ်သက်စရာလေး မြင်လိုက်လို့ရှိရင် ဟယ်-မင်္ဂလာရှိလိုက်တာ ပြောကြတယ်မဟုတ်လား။ နားက သာယာတဲ့အသံလေး ကြားလိုက်ရင်လည်း ဟယ်-မင်္ဂလာရှိလိုက်တာ။ ဒါ ဒီကနေ့ လောကလူတွေ ပြောနေကြတဲ့ မင်္ဂလာနော်။ မြတ်စွာဘုရားက အဲ့ဒီလိုမဟုတ်ဘူး။ ကောင်းတာလေးမြင်တာနဲ့ မင်္ဂလာရှိတယ်လို့မဟောပါဘူး။
ကောင်းတဲ့အသံလေးကြားရရုံနဲ့ မင်္ဂာရှိတယ်လို့မဟောဘူး။ မင်္ဂလာရှိတယ်ဆိုတာ လူမိုက်ကို မပေါင်းတာ မင်္ဂလာရှိတယ်။ ပညာရှိ လူသူတော်ကောင်းကို ပေါင်းသင်းဆက်ဆံတာ မင်္ဂလာရှိတယ်လို့ (၃၈)ဖြာ မင်္ဂလာတရားကို ဟောသွားတာ။ မင်္ဂလာမှန်သမျှ အကြောင်းတရားတွေချည်းပဲ။ ဒါတွေလုပ်လို့ ပြောတာနော်။ လုပ်ရမှာနဲ့ မလုပ်ရမှာ ဒီနှစ်ခုပဲ ပြောသွားတာ။
“အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော”
မလုပ်ရမည့်ဟာတွေကို ပြောထားတာနော်။ အာရတီ ၀ိရတီ ပါပါ- မကောင်းတာတွေရှောင်တဲ့ မဇ္ဇါနာ စ သံယမော- အရက်သေစာ, ဘီယာ ဒါတွေမသောက်နဲ့တဲ့။
ဟော… ကိုယ်ကဒါတွေမရှောင်ဘူး၊ မင်္ဂလာရှိပါ့မလား၊ မရှိနိုင်ဘူး။ မင်္ဂလာဆိုတာ ဘာလဲဆိုရင် ဘ၀မှာ အောင်မြင်ကြီးပွားမှုနဲ့ ချမ်းသာသုခရရှိမှုဟာ မင်္ဂလာပဲ။ အဲ့ဒီ မင်္ဂလာတွေကို ရချင်ရင် မင်္ဂလာရကြောင်းတရားတွေကို ဆည်းပူး အားထုတ်ရမှာဖြစ်ပါတယ်။
ယခုဒီမှာလည်းပဲ မိတ်ကောင်းဆွေကောင်းဆိုတာ အကြောင်းတစ်ခုပဲ။ မိတ်ကောင်းဆွေကောင်းနဲ့ ပတ်သက်ပြီး သံယုတ္တနိကာယ် သုတ္တန်တစ်ခုမှာ အရှင်အာနန္ဒာစဉ်းစားကြည့်ပုံပြထားတယ်။ အရှင်အာနန္ဒာ စဉ်းစားပုံက လောကလူတွေ စဉ်းစားပုံနဲ့တူတယ်။
လောကလူတွေစဉ်းစားတာ ဘယ်လိုစဉ်းစားလဲဆိုရင် အေး….. ဆရာသမားကလည်းသင်တာပဲ။ ဒါပေမဲ့ ငါကိုယ်တိုင်လည်း ကြိုးစားတယ်။ အဲ့ဒီတော့ ဆရာသမားရဲ့ အထောက်အပံ့က (၅၀)ရာခိုင်နှုန်း။ ငါ့ရဲ့ အောင်မြင်မှုကြီးပွားမှုမှာ ဆရာနဲ့ငါဟာ (၅၀+၅၀) ပဲလို့ ဒီလိုပြောကြတယ်။
တစ်ခါတုန်းက အရှင်အာနန္ဒာ တွေးပုံဟာ လောကလူသားတွေတွေးပုံနဲ့ သွားတူတယ်။ သူက ဘယ်လိုမြတ်စွာဘုရားကို လျှောက်လဲဆိုတော့ “အရှင်ဘုရားတဲ့၊ ဟောဒီ ဗြဟ္မစရိယ-မြတ်သောအကျင့် ကျင့်နိုင်ဖို့၊ နိဗ္ဗာန်ချမ်းသာကို မျက်မောက်ပြုဖို့ဆိုတဲ့ကိစ္စမှာ ‘ကလျာဏမိတ္တ’ ဆိုတဲ့ မိတ်ကောင်းဆွေကောင်း ဟာ တစ်ဝက်လောက် အကျိုးပြုနိုင်ပါတယ်” ဘရားကို ဒီလိုလျှောက်တယ်။ (၅၀) ပဲ၊ ရာနှုန်းအပြည့် မဟုတ်ဘူး။ ရာနှုန်း(၅၀) ။
အရှင်အာနန္ဒာက အဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားက မိန့်တယ်။ “အာနန္ဒ၊ အဲ့ဒီလိုမပြောနဲ့” တဲ့။ “မင်းပြောတာမမှန်ဘူး၊ မဟုတ်ဘူး” တဲ့။ “မြတ်သောအကျင့်ကိုကျင့်ပြီး ထူးခြားတဲ့ တရားဓမ္မကိုရတယ် ဆိုတဲ့ဟာ ရာနှုန်း (၁၀၀) အပြည့်၊ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကျိုးပြုမှုပဲ” တဲ့။
မိတ်ကောင်းဆွေကောင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာပါတယ်။ မြတ်စွာဘုရား က ဘာအထောက်အထားပြတုန်းဆိုလို့ရှိရင် “ကဲ၊ မင်းစဉ်းစားကြည့် အာနန္ဒာ၊ ငါဘုရားမပွင့်ဘူး ဆိုလို့ရှိရင် အခုလို တရားတွေ သိခွင့်ရပါ့မလား၊ မရဘူး”
ဘုရားပွင့်လို့ တရားဟောလို့ ဒါတွေကို သိရတာဆိုတော့ ဒီ သိရတဲ့အသိဟာ အကုန်လုံး ဘုရားရှင် ပေါ်မှာ ရာနှုန်းအပြည့် တည်နေတာပဲ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကိုကြည့်လေ။ မိတ်ကောင်း ဆွေကောင်းကို ရှာမတွေ့နိုင်သည့်အတွက်ကြောင့် အမတ ဆိုတဲ့တရားကို ရှာတာ ရှာလို့မတွေ့ဘူး။ အရှင် အဿဇိနဲ့ တွေ့တဲ့အခါကျမှ အမတ တရားတွေကို တွေ့တယ်။ ဒါဟာ ရာနှုန်းပြည့် အဿဇိမပါဘူး ဆိုလို့ရှိရင် လုံးဝမသိနိုင်ဘူးပေါ့။ အဲ့ဒီတော့ မြတ်စွာဘုရားက မိတ်ဆွေကောင်းဟာ ရာနှုန်းပြည့် အကျိုးပြုတယ်လို့ ဟောတော်မှုတယ်။
ဘုရားမပွင့်ဘူးဆိုလို့ရှိရင်၊ ဘုရားရဲ့တရားမနာရလို့ရှိရင် သံသရာ ၀ဋ်ဆင်းရဲထဲမှာ ဒုက္ခရောက်နေ ကြတဲ့ ပုဂ္ဂိုလ်တွေ ဇရာတရားကလည်း မလွတ်နိုင်ဘူး။ မရဏတရားကလည်း မလွတ်နိုင်ဘူး။ ဘုရား ဟောကြားတဲ့ တရားကို နာရတဲ့အတွက်ကြောင့် ဇရာ၊ မရဏမှ လွတ်ကြရတယ်။ ဒါ့ကြောင့် ရာနှုန်းပြည့် အကျိုးပြုတယ်။
သုတ္တန်တစ်ခုမှာ အရှင်သာရိပုတ္တရာက ဒီစကားမျိုးကို မြတ်စွာဘုရားအား လျှောက်ဖူးတယ်။ အရှင်သာရိပုတ္တရာဆိုတာကတော့ မြတ်စွာဘုရားပြီးရင် ဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်။ သူမြင်တာက မြတ်စွာဘုရား မြင်သလိုပဲမြင်တယ်။ လောကလူသားတွေလိုမမြင်ဘူး။ မြတ်သောအကျင့်ကို ကျင့်ဖို့၊ တရားထူး တရားမြတ်ရဖို့ဆိုတဲ့နေရာမှာ ကလျာဏမိတ္တ ဟာ လုံးဝရာနှုန်းပြည့် အကျိုးပြုပါတယ် ဘုရားလို့ မြတ်စွာဘုရားကိုလျှောက်တော့ မြတ်စွာဘုရားကမှန်တယ်တဲ့။
အဲ့ဒါကိုကြည့်မယ်ဆိုရင် နိဗ္ဗာန်ကို မျက်မှောက်ပြုမယ့်အရေးမှာ ကလျာဏမိတ္တ ဆိုတဲ့ မိတ်ကောင်း ဆွေကောင်းရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထင်ရှားတယ်။ အင်မတန်မှ အရေးကြီးတယ်လို့ ပြောရမှာပဲနော်။ အဲ့ဒီလို နိဗ္ဗာန်ချမ်းသာလို့ သံသရာဝဋ်က လွတ်မြောက်တဲ့ချမ်းသာသုခမျိုးရဖို့ ကလျာဏမိတ္တ ဟာ အရေးကြီးသေးတယ်။
ဒီလောက်အရေးပါတဲ့ကိစ္စတောင် ကလျာဏမိတ္တ ပါရသေးတယ်။ သာမန်လောကီရေးကိစ္စတွေ မှာလည်း ကလျာဏမိတ္တ က အကျိုးပြုမယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ဒါ့ကြောင့်မို့ မိတ်ကောင်း ဆွေကောင်းရှိဖို့လိုတယ်ဆိုတာ အားလုံးလက်ခံတယ်။ မိတ်ကောင်းဆွေကောင်း ပေါင်းသင်းရမယ်လို့အသိ ဉာဏ် ရှိတဲ့လူတိုင်းကလက်ခံတယ်။
သို့သော် ကိုယ်ပေါင်းနေတဲ့ မိတ်ဆွေဟာ တကယ် မိတ်ကောင်းလား ဆွေကောင်းလား ဆိုတာ လူတိုင်းမသိနိုင်ဘူး။ မိတ်ကောင်းထင်ပြိး ပေါင်းသင်းဆက်ဆံနေကြတာတွေ အများကြီး ရှိတယ်နော်။ မိတ်ကောင်းဆွေကောင်းမဟုတ်ဘူး၊ သို့သော် ကိုယ်က မိတ်ကောင်းဆွေကောင်းထင်နေတယ်။ မိတ်ဆွေဆိုတာ အားကြီးတဲ့ မှီရာ အကြောင်းတစ်ခုပဲ။ “ ဥပနိဿယပစ္စယော”လို့ မြတ်စွာဘုရားက ဟောထားတာရှိတယ်။
အေး…… မိတ်ကောင်း ဆွေကောင်းနဲ့ပတ်သက်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်မှာ ဟောထားတာ။ အဲ့ဒီ ထိုထို သုတ္တန်တွေမှာကြည့်လိုက်မယ် ဆိုလို့ရှိရင် မိမိတို့အနေနဲ့ မိတ်ကောင်း ဆွေကောင်းကို ရွေးတတ်လာပါလိမ့်မယ်။ အဲ့ဒီသုတ္တန်တွေကို ဖတ်ရှုလေ့လာခြင်း၊ နာယူ မှတ်သားခြင်းဖြင့် “တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တို့အတွက် မိတ်ကောင်းဆွေကောင်းလား”
ကိုယ်က မိတ်ကောင်းဆွေကောင်းရှာတယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကကော တစ်ဖက်သားရဲ့ မိတ်ကောင်းဆွေကောင်းဖြစ်အောင် မလုပ်သင့်ဘူးလား။ လုပ်သင့်တယ်နော်။ အေး….. အဲ့းဒီအပိုင်းကို မမေ့ကြနဲ့။ ကိုယ်ကတော့ မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းသင်းချင်တယ်။ ကိုယ်ပေါင်းတဲ့ပုဂ္ဂိုလ်ရဲ့ မိမိကိုယ်တိုင် မိတ်ကောင်းဆွေကောင်းဖြစ်ရမယ်၊ ဟုတ်ရဲ့လား။ Association = ပေါင်းသင်း ဆက်ဆံရေး ဆိုတာ တစ်ဖက်သတ်ကြည့်လို့မရဘူး။ နှစ်ဖက်စလုံးကြည့်ရမယ်။ နှစ်ဖက်စလုံးကြည့်လိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်ကလည်း မိတ်ကောင်းဆွေကောင်းဖြစ်ရမယ်။
မိတ်ကောင်းဆွေကောင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အင်္ဂုတ္တနိကာယ် မှာ မိတ္တသုတ် ဆိုပြီး ဟောထားတာရှိတယ်။ အဲ့ဒီထဲမှာ ပေါင်းထိုက်တဲ့ မိတ်ဆွေကောင်းရဲ့ သွင်ပြင် လက္ခဏာ ဟောပြထားတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုးလူကောင်းလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ သိပါ့မလား၊ မသိဘူး၊ အပေါ်ယံကြည့်ရုံနဲ့မသိနိုင်ဘူး။ ဒါကြောင့် ငယ်ငယ်တုန်းက ပြောကြတယ်။ လူဆိုးဆိုတာ ချိုနဲ့မှ မဟုတ်တာ ဘယ်သိမလဲ၊ ချိုပေါက်နေရင်တော့ သိချင်သိမယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ

မိတ်ကောင်းဆွေကောင်းအကဲခတ်နည်း