Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးနှင့် ပိုးသတ်ဆေး ရောနှောလောင်းလှူသည့်ဆွမ်း"

$
0
0

တရားဘာဝနာနှင့်အမြဲနေလေ့ရှိသောပုဂ္ဂိုလ်တို့ လောက၌ ယခုဖော်ပြမည့်အဖြစ်အပျက်မျိုးကား ထူးခြားဆန်းကြယ်လှ
သည်ဟု မဆိုသာ၊ အံ့သြစရာလည်းမဟုတ်တတ်၊ သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာ။
သို့သော် လူသာမန်တို့အဖို့ လွန်စွာဆန်းကြယ်ပါ၏။အံ့သြဖွယ်ကောင်း၏။"သီလ,သမာဓိ,ပညာ "ဘာသာရေး ကိုယ်တွေ့
အလုပ်စခန်း ၌ လေ့ကျင့်ခန်းဝင်စ၊ ၀င်ဆဲပုဂ္ဂိုလ်များအတွက် ပို၍အတုယူ အားကျဖွယ်လည်းကောင်းလှပေ၏။
ဆရာတော်ကြီး သီတင်းသုံးသောတောရကျောင်းကလေး၏အကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။
တောရကျောင်းကလေး တည်ရှိရာဒေသကား မိုးခေါင်ရေရှားသော "မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊မောင်းထောင်ကျေးရွာ"
ဖြစ်ပါ၏။
 
ကျောင်းပတ်ဝန်းကျင် အရပ်လေးမျက်နှာ၌ ထန်းပင်များနှင့် တောင်ယာကွင်းပြင်များဝိုင်းရံထား၏။(၂)ဧကခန့်ကျယ်သော
ကျက်တီးကုန်းယာမြေကွက်မှာမည်သည့်သီးပင်မျှ စိုက်ပျိုး၍မရသဖြင့် တောရကျောင်း ဖြစ်လာပါ၏။
အရိပ်အာဝါသကောင်းသော သစ်ကြီး၊၀ါးကြီးမရှိ။သန်းပင်၊ဒဟပ်ပင်၊ရှားပင်၊တမာပင်၊နှင့်ဆူးချုံများသာရှိ၏။
တောရကျောင်းရှိ ရေကန်မှာလည်းတစ်နှစ်လျှင်အများဆုံး(၇-၈)လမျှသာ ရေ ရှိ၏။ဒါကလည်း မိုးလေ၀သကောင်းပါမှ။
အစာရေစာဆွံ့ရှားလှသောအညာဒေသဖြစ်၍အစားအသောက်အကြောင်းကား အထူးပြောဖွယ်မလို။
တောရကျောင်း၌ ဝေယျဝစ္စလုပ်သောကိုရင်ငယ်(၂)ပါး နှင့် ကပ္ပိယကာရက တစ်ဦး ရှိရာ နံနက်အရုဏ်အတွက် ဆန်ပြုတ်
သောက်ကြရသည်။အဆီအစေးမရှိသော အညာဆန်ဖြင့်ပြုတ်ထားသည့်ဆန်ပြုတ်မှာလည်းကျဲတောက်တောက်၊
အရေတခြား၊အဖတ်တခြား။
နေ့ဆွမ်းအတွက် အစောပိုင်းနှစ်များက ဆရာတော်ကြီးကိုယ်တိုင် ပတ္တပိုဏ်ဆွမ်းခံ၏။အသက်အရွယ်ကြီးလာသဖြင့်
အစောင့်အရှောက်များရှိလာချိန်မှစ၍ ကိုရင်ငယ်(၂)ပါးကဆွမ်းခံကျွေး၏။အနီးအနား ရွာ(၈)ရွာတစ်လှည့်စီဆွမ်းခံရ၏။
ဒကာများက လိုက်ပို့ကြ၏။ ဟင်းများ ချိုင့်ကြီး၊ချိုင့်ငယ်ဖြင့် စေတနာသဒ္ဓါ ထက်သန်စွာလောင်းလှူကြရာ လူနှစ်ဆယ် စားလောက်၏။ ဟင်းခွက်ချိုင့်များ စားပွဲကြီးတစ်ချပ်မဆံ့။
သို့သော် ဟင်းတူရာပေါင်းလိုက်လျှင်(၄) ခွက်သာရှိ၏။
"ချဉ်ရည်၊ငရုပ်သီးဟင်း၊ပဲကြားပြုတ်" နှင့် "အညာအသားဟင်း"ခေါ်သော "ငါးပိကောင်ကြော်"။
ယင်းသို့ ကျောင်းအနေအထားနှင့် အစာရေစာကို ကြည့်ပါလျှင် အဘယ်မျှ နှလုံးမွေ့လျော်ဖွယ်ရာကောင်းသောတောရ
ကျောင်း ဖြစ်ပါသနည်း။ရာသီဥတုကလည်း ပူချိန်တွင်အစွမ်းကုန်ပူ၍ ဆောင်းခါတွင် ခိုက်ခိုက်တုန်လေတော့သည်။
သို့သော် သူတော်ကောင်းတရားတို့မည်သည်မှာ လောကီအာရုံများ ကင်းဆိတ်ရာ၌သာ တည်ရှိတတ်ပေသည်။ထို့ကြောင့်
လည်း ညောင်လွန့် ရဟန္တာ အရှင်မြတ်ကြီးက-
"ခေါင်းပါးသော အစာရေစာနှင့် အာရုံကင်းဆိတ်သော တောရိပ်တောင်ရိပ် က ယောဂီတို့အားတစ်ဝက်ဆုံးမပြီးဖြစ်သည်"
ဟု မိန့်တော်မူဖူးသည် မဟုတ်ပါလား။
"လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကပေါ့ကွာ-
မောင်းထောင်ရွာကြီးအနောက်ဖက်က လယ်တီရွာ အလှူရှိလို့ကြွရတယ်။အလှူကလည်းအတော်စည်ကားတဲ့အလှူ၊
ဘုန်းကြီးများ ပရိတ်ရွတ်၊ရေစက်ချပြီးတော့ အသံချဲ့စက် ကနေ တစ်ပါးချင်းပင့်တာပေါ့၊သံဃာစင်အဆင်း မဏ္ဍပ်အထွက်
ကနေပြီး လှူဖွယ်ဝတ္ထုကပ်တယ်။
တော်တော်နဲ့ ဘုန်းကြီးအလှည့် မကျဘူး၊မဏ္ဍပ်အထွက်မှာလည်း လူတွေက ရုတ်ရုတ်ရုတ်ရုတ်နဲ့၊မဏ္ဍပ်ထဲ ပရိတ်သတ်ကလဲ ဘုန်းကြီးတွေ တစ်ပါးပြီးတစ်ပါးဆင်းကြွနေချိန်မှာ စိတ်တွေလွတ်လပ်သွားပြီး ဒူးထောင် ပေါင်ကားနဲ့ ဟိုကြည့်ဒီကြည့်တဲ့လူ က ကြည့် ၊လူတော်တော်များများက ဆေးလိပ်ကြီးတွေ တငေါငေါနဲ့ မီးခိုးတလူလူထအောင် အားရပါးရသောက်နေကြတယ်၊အသံချဲ့စက် ကနေ ဘယ်ဆရာတော်ကြွပါဘုရား၊ဘယ်ဆရာတော်ကြွပါဘုရား ဆက်ပြီးပင့်နေတယ်။
ဘုန်းကြီးအလှည့်က နောက်ဆုံးလောက်ဖြစ်နေတယ်၊ (တောရကျောင်းဆရာတော်ကြွပါဘုရား)လို့ အသံချဲ့စက်ကလဲပင့်
ရော၊ စောစောက ကိုးယိုးကားယားနဲ့ ဆေးလိပ်သောက်နေတဲ့လူတွေအားလုံး ဆေးလိပ်ကိုယ်စီချပြီး လက်အုပ်ချီကြတယ်၊
သံဃာစင်ပေါ်ကဆင်းတယ် ဆိုရင်ပဲ သူ့ထက်ငါ တဘက် တွေ တောက်လျှောက်ခင်း၊ အားလုံးကုန်းပြီးဝတ်ချ ကြသကွ။
ဒါကို ဘုန်းကြီး က သာယာလို့ပြောတာ မဟုတ်ဘူး။ မေတ္တာများ အလွန်စူးရှတဲ့အကြောင်းပြောချင်လို့၊
ဘုန်းကြီး ကြွဖို့အလှည့်က တော်တော်နဲ့မကျတော့(အလကားနေ အလကားပဲ ဒီလူတွေ တစ်သက်မှာ တစ်ခါတွေ့ရမယ့်လူ
တွေလည်းဖြစ်ချင်ဖြစ်မယ်၊ဒီတောပ ချမ်းသာကြ ပါစေ) ဆိုပြီး မေတ္တာ ပို့နေလိုက်တယ်။
ဗုဒ္ဓဘာသာနိုင်ငံလည်းဖြစ်၊တောသူတောင်သားတွေလည်းဖြစ်ပြီး လူကြီးသူမ၊ရဟန်းမလေးစားတဲ့လူတွေကလည်းအများ
သား၊ လိုရင်းက ခရီးသွားရင်လည်း မေတ္တာမမေ့ဖို့ ပြောချင်တာပါပဲ။"
"ကရုဏာ ကတော့ ဒုက္ခိတသတ္တ၀ါတွေ ကြုံတွေ့ရတဲ့အခါ သာပြီးပွားလို့ကောင်းတယ်။
ဘုန်းကြီး လက်တွေ့ပြောရရင် ငါးနှစ်လောက်ရှိရောပေါ့ကွာ၊တောကျောင်းဒကာကိုဖိုးအောင်ရဲ့သား တင်ဝင်း၊ ဘာရောဂါ
လည်း မသိဘူး၊တီဘီ ဆို ထင်ပါရဲ့၊ ဘုတလင်ဆေးရုံတက်ရတယ်။တော်တော်ကြာတော့ ဆေးရုံက ဆရာဝန်က ဒီလူနာတော့မရတော့ဘူး၊အိမ်ပြန်ယူကြ ဆိုလို့ လှည်းနဲ့တိုက်လာတယ်။
အိမ်ရောက်တော့ ဘာတတ်နိုင်မှာလဲ၊ ဒီလိုပဲ ၀ိုင်းကြည့်နေရတာပေါ့၊ဒီအချိန်မှာကိုဖိုးအောင်ရဟန်း ဦးဇာဂရ လည်းအောက်
ပြည်ကပြန်ရောက်လာတယ်။သူက မြန်မာဆေးဝါးတော်တော်နားလည်တယ်၊သူလဲ လူနာကြည့်မေးစမ်းပြီး ကျောင်းရောက်
လာလို့-
(ဦးဇာဂရ လူနာအခြေအနေ ဘယ့်နှယ်လဲ)လို့မေးတော့-
(လူနာကတော့ ဆရာဝန်ကတောင် လက်လွှတ်လိုက်ပြီပဲဟာ၊သူ့လက္ခဏာကြည့်ရတာလဲ သေဖို့များပါတယ်၊သေမှာပါပဲ)
ဆိုတော့ ဘုန်းကြီးစိတ်ထဲမှာ တော်တော် စိတ်မချမ်းသာသွားဘူး။
ဒါနဲ့ ဘုန်းကြီးက လူနာကို လူနာနေတဲ့နေရာကိုမှန်းပြီး ကရုဏာ ပွားတယ်။စူးစူးစိုက်စိုက် ပွားတယ်။ဘုန်းကြီးပွားပုံကဒီလို-
၁။"ဒုက္ခပ္ပတ္တာစ နိဒ္ဒုက္ခာ၊
ဟောန္တုသဗ္ဗေပိ ပါဏိနော= ဆင်းရဲဒုက္ခက လွတ်ကင်းကြပါစေ။"
၂။"ဘယပ္ပတ္တာစ နိဗ္ဘယာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော=ဘေးရန်တွေ့နေတဲ့သတ္တ၀ါတွေအားလုံး ဘေးရန်ကင်းပါစေ"
၃။"သောကပ္ပတ္တာ စ နိေဿာ ကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော=စိုးရိမ်ကြောင့်ကြ၊ပူပန်သောက ရောက်နေတဲ့သတ္တ၀ါတွေအားလုံး စိုးရိမ်ကြောင့်ကြပူပန်
သောက ငြိမ်းပါစေ"
"မောင်တင်ဝင်း မိဘတွေက စပြီးတော့လဲ ခြေမကိုင်မိ၊လက်မကိုင်မိ စိုရိမ်ပူပန်နေကြရှာမယ်၊ဘုန်းကြီးက မြန်မာလိုမဆို
တော့ ဘူး၊ပါဠိ လိုပဲ တစ်လုံးချင်း ဆွဲပြီး အနက်အဓိပ္ပါယ်ပေါ်အောင် ဖြည်းဖြည်းကလေး၊ တိုးတိုးကလေး ရွတ်ဆိုပွားများတယ်။စုစုပေါင်း(၇)ကြိမ်ပွားများတော့ လူပမာပုံ မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်လာတယ်။ကရုဏာ
အာရုံ အဖြစ် ပေါ်လာတယ်။
ပွားရင်း၊ပွားရင်းနဲ့ အာရုံထဲမှာလူမမာ ဟာခြင်ထောင်ဖွင့်ပြီးအိမ်တံခါးပေါက်အထိ ထ လာတာကို တွေ့ရတာပဲ၊ဒါနဲ့ နောက်တစ်ရက်ရောက်တော့-
(ဦးဇာဂရ ကိုယ်တော့်လူနာ မသေပါဘူး၊စိတ်သာချပြီး ပရိတ်ကိုသာ အနားကရွတ်ပေးပါ) လို့ ဘုန်းကြီးရဲရဲပဲပြောလိုက်
တယ်၊တကယ်ပဲ မောင်တင်ဝင်းဟာ အံသြလောက်အောင်နေကောင်းသွားတယ်။"
အဆိုပါဖြစ်ရပ်များကိုကြည့်ပါလျှင်-
တရားရှိသော သူတော်ကောင်းများကိုဖူးတွေ့ရခြင်း၊ထိုပုဂ္ဂိုလ်တို့နှင့်ရင်နှီးခွင့်ရခြင်း သည် မည်မျှ ကျေးဇူးကြီးလှကြောင်း
သိသာစေပါ၏။မိမိက မသိသော်လည်း သူတော်ကောင်းတို့ကမူ တွေ့မြင်လိုက်သည်နှင့် တစ်ဖက်သားကောင်းကျိုးကို
ဆောင်ပြီးဖြစ်နေတတ်၏။
ဆရာတော်ဘုရားကြီး၏ တောသူ၊တောင်သား တို့နှင့်စပ်၍ အမိန့်ရှိသော ကရုဏာစကားတစ်ခွန်းကိုလည်းကြားယောင်မိပါ
သေး၏။
"ဘုန်းကြီး က တောကလူတွေ သနားလွန်းလို့ ကိုယ့်အလုပ် အရေးကြီးတဲ့ကြားထဲက ကြိုးစားပြီး တရားပြပေးနေတာ၊
အားထုတ်ချင်တဲ့သူက အတော်ရှားတယ်၊
မင်းတို့ မြို့များမှာကျတော့ ရိပ်သာတွေမှာ ကလေးမကလေး တွေက အစ သူ့ထက်ငါ တရားမှတ်နေလိုက်ကြတာ အားကျစရာကောင်းလိုက်တာ။သေသေချာချာစဉ်းစားကြည့်တော့ ကံ တွေက တယ်ပြီး အောက်ကျတာကလား။
မြို့သူမြို့သားတွေ မတော့ ကံကောင်းလို့ ပဋိသန္ဓေ က မြို့ကိုပို့လိုက်တာပဲ။
အသီးအနှံ ပေါ်ဦးပေါ်စ စိုက်ပျိုးတဲ့လူ က မစားရက်သေးဘူး၊ဈေးကောင်းကောင်းရအောင်မြို့တင်ပို့ရတယ်မဟုတ်လား၊
ထို့အတူပဲ ပုဂ္ဂိုလ်မြတ်ကြီးတွေ ဘယ်လောက်ဝေးတဲ့ တောထဲ တောင်ထဲ နေနေ၊
ဟော မကြာဘူး မြို့ကြီးပြကြီးကြွပြီး တစ်နည်းနည်းနဲ့ အပူဇော်ခံ တရားဟောရောက်ကြတာချည်းပဲ၊
ကံတွေ၊ ကံတွေ ၊တို့ တောကလူတွေ ဒါတွေ သိပြီး ဆင်းရဲတဲ့ဘ၀ ကုသိုလ် ပိုလုပ်ရမှာ၊ ခုတော့ ဒီလိုမဟုတ်ဘူး၊ သနားစရာကောင်းလိုက် တာ"
"မြို့မှာလည်း စီးပွားရေး၊အာဏာရေး ဇောကပ်ပြီး ဘုရားပွင့်တာတောင် မသိလိုက်တဲ့လူမျိုးလဲ အနည်းအကျဉ်းတော့ ရှိမှာပေါ့လေ။
တချို့ကလည်း လောကွတ်ပျူငှာ စားပွဲ၊သောက်ပွဲ ထိုးပေးတဲ့ ဘုန်းကြီးမျိုးမှ ၀င်ထွက်၊သွားလာကြည်ညိုတတ်ကြတာလဲရှိ
မှာ ပေါ့၊
ငယ်ဆရာ ဘုန်းကြီး ကပြောဖူးတယ်၊
သနားစရာကောင်းတဲ့လူ ဟာ အမြင်ကတ်စရာကောင်း သတဲ့၊
ကြပ်ကြပ် သနားစရာကောင်းလေ၊ ကြပ်ကြပ်အမြင်ကတ်စရာကောင်းလေပဲတဲ့၊ တယ်…ဟုတ်တဲ့စကား"
ဆရာတော်ဘုရားကြီး၏ကိုယ်တွေ့မေတ္တာ၊ကရုဏာစကားတို့မှာလည်းသတိချပ်စရာပင်။လောကကြီးကိုအလှဆင်ရန်၊ကယ်တင်ရန် မိမိတို့ကိုယ်တိုင် သူတော်ကောင်းတို့၏မေတ္တာကိုခံယူနိုင်သူဖြစ်အောင်ကားကြိုးစားရာ၏။
ဆရာတော် ဘုရားကြီးသ် ငယ်စဉ်ကပင် ဧကစာဝါသနာကြီးလျှက် သူတစ်ဖက်သားအပေါ်ငဲ့ညှာမှုမှာ အရွယ်နှင့်မလိုက်
အောင် ရှိခဲ့သည်။ ထိုသို့ကျောင်းကလေး၌ တစ်ပါးတည်းနေစဉ် ကိုယ်တိုင် ပတ္တပိုဏ် ဆွမ်းခံ ဘုန်းပေးသည်။
ရှေ့ပိုင်းကာလ တွင် ဆွမ်းဝတ်ခွက်များယူဆောင်၍(၃-၄)မိုင်ဝေးသော ရွာများကို အလှည့်ကျ ဆွမ်းခံလျက် ရှေးဦးစွာရ
သော ခဲဖွယ်ဘောဇဉ်များကို ထိုပတ်ဝန်းကျင်ရှိ ထေရ်ကြီး၊၀ါကြီးသံဃာတော်ကြီးများအား အလှည့်ကျလှူ၏။ပြီးမှ တစ်ပါးစာ ထပ်မံဆွမ်းခံ၍ ပတ္တပိုဏ် ဘုန်းပေးသည်။
တစ်ခုသောနေ့ ဆရာတော်ကြီးသည် ဆွမ်းခံရာမှ အပြန် ထုံးစံအတိုင်း ခြေဆေး၊သင်္ကန်းလဲလှယ်ပြီး သပိတ်လိုက် ဘုရား
ဆွမ်းတော်ကပ်၏။ ကပ်ရိုးကပ်စဉ်မဟုတ်။ အထူးအချိန်ယူ အာရုံပြုလျက်ကပ်သည်။ပြီးလျင် ရေမိုးချိုး၍ ဆွမ်းဘုန်းပေးရန်
ပြင်ဆင်၏။
ပြင်ဆင်သည် ဆိုသော်လည်း အထူးမဟုတ်၊"နေရာထိုင်"တစ်ခုခင်း၊ စားပွဲတစ်လုံးရှေ့ကချ၊ရေတစ်ခွက်တည်၊ဆွမ်းတော်
တင် သပိတ် ကောက်ယူပြီး စားပွဲပေါ်တင်လိုက်သည်။
ဆွမ်းဘုန်းမပေးမီ စားပွဲပေါ်၌ သပိတ်ကိုအဖုံးဖွင့်တင်ထားပြီး နာရီဝက်နီးပါး မေတ္တာဘာဝနာပွားပြီးမှ စားလေ့ရှိ၏။
အထူးသဖြင့် ဆွမ်းခံလမ်းတစ်လျှောက်ရှိ ဒကာ၊ဒကာမများအား ထပ်မံ မေတ္တာပို့သည်။
မေတ္တာသီးသန့်ပွားပြီး ရှုမှတ်မှု နှင့်ပင် ဆွမ်းတစ်လုတ်ကို ဆုပ်ယူ ဘုဉ်းပေးလိုက်၏။ဆရာတော်ကြီး၏ ရှည်လျားဖြူသွယ်
သော လက်ချောင်းများက လူသာမန်တို့ နှစ်လုပ်စာလောက်ပါရှိသည်။
ဆွမ်းလုတ်ဝါးချေ မျိုချ လိုက်သည် နှင့် လည်ချောင်းမှ စ၍ အစာသွားလမ်းကြောင်းတစ်လျှောက် ပူ လောင် သွား၏။
ရေတစ်ကျိုက် ကောက်ယူသောက်လိုက်သည်။ တိုး၍သာ ပူ၏။ဆွမ်းခံ ခရီးကလည်း ပင်ပန်း၊ ဆာ ကလည်း ဆာ၊
ထပ်၍ တစ်လုတ် ဘုဉ်းပေးလိုက်မိပြန်သည်။ ချွေးသီး၊ချွေးပေါက်များပင် ကျလာ၏။
သပိတ်ကိုပြန်ပိတ်။ ခံတွင်း၊ လက်များဆေးကြောပြီး အိပ်ရာထဲတွင် သတိဖြင့် လှဲနေလိုက်သည်။အနီးရှိ သုံးနေကျ ဗမာ
ဆေးများကို ကောက်ယူစားကြည့်၏။ဝမ်းဗိုက်ထဲတွင် တလိပ်လိပ်တက်ကာ ပြင်းစွာလောင်မြိုက်နေမှုကား မထူးခြား။
ထို အခါ ဆွမ်းထဲ ၌ ပိုးသတ်ဆေး လောင်းထည့်လေသလားဟု သံသယဖြစ်လာ၏။တပည့်ရဟန်းတစ်ပါးအား အသိပေးလျှက် ကန်စွန်းရွက် နှင့်ထန်းလျက် အကျိုခိုင်းစေကာ မေတ္တာဘာဝနာကိုသာပွားလျက်နေတော့၏။မေတ္တာမှ
တစ်ပါး အခြားနည်းလမ်းမရှိတော့ချေ။တပည့်များကား စိုးရိမ်ပူပန်နေကြပြီ။
အတန်ကြာလျှင် သာမဏေငယ် ကပ်လာသော ကန်စွန်းရွက်ပြုတ်ရည် ကို ဘုဉ်းပေး၏။(အောက်ပြည်အောက်ရွာကဲ့သို့
ကန်စွန်းပင် သန်သန်မာမာမရရှိ)၊
ပြီးလျှင် အိပ်ရာ၌ တုံးတုံးလှဲကာ ၀မ်းထဲမှပြင်းစွာပူလောင်ခြင်းကို မေတ္တာပွားလိုက်၊ရှုမှတ်လိုက်နှင့် အတန်ငယ်သက်သာရာ
ရလာ၏။ နာရီပိုင်းအတွင်း သွားနိုင်၊လျှောက်နိုင် ဖြစ်လာ၏။ဝမ်းထဲ၌ ပူလောင်လာသည်မှာ နေက်တစ်ရက်ဆွမ်းစားချိန်
အထိ(၂၄)နာရီပင်ကြာသည်။ မေတ္တာ ဘာဝနာသာမကယ်ခဲ့လျှင် ထိုနေ့ကပင်လျှင် ပျံတော်မူနိုင်လေသည်။
မျက်မြင်ကိုယ်တွေ့သိရှိကြသူ တပည့်ဒကာများ အားလုံးစိတ်မော ကိုယ်မော ဖြစ်ခဲပရသော ထို ကိစ္စအတွက် ဆရာတော်ကြီး ပြောသောစကားမှာ နှစ်ခွန်း တည်းသာဖြစ်၏။
"ဟိုလူ့ ဥပဒ်၊ ဒီလူ့ ဥပဒ်၊ ထပ်ပြီး ငရဲမကြီးကြစေနှင့်ကွာ၊
သတ္တ၀ါတွေဟာ အလွန်သနားစရာကောင်းပါတယ်။ အင်း….ဒုက္ခ ၊ဒုက္ခ၊ဒုက္ခ..
ချမ်းသာကြပါစေ "
ရေးသားပြီးစီး..၁၃၇၄ခုနှစ်၊ကဆုန်လဆန်း(၂)ရက်၊(၁၁-၅-၂၀၁၃)ရက်နေ့၊စနေနေ့-(နေ့လည်-၁၁း၃၀)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...