လူ့ဘ၀ဆိုတာ အတတ်ပညာ သင်ယူစရာတွေကတော့ ဘယ်သောအခါမှ ကုန်နိုင်မှာ မဟုတ်ပါဘူး။ သင်ယူလို့လဲ ဆုံးမှာ မဟုတ်ပါဘူး။ အတတ်ပညာ ပြည့်သွားတဲ့ လူရယ်လို့လည်း ရှိမှာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ပြည့်ဝပြီလို့ ထင်သွားတဲ့လူဟာ ရှေ့ဆက်ဘ၀ရှင်သန်စရာမရှိတော့တဲ့ လူတစ်ယောက်ဖြစ်သလို ဘ၀သေသွားပြီလို့လည်း ပြောလို့ရပါတယ်။ ကိုယ့်ကိုယ်ကို တကယ်ပြည့်ဝသွားပြီဆိုတဲ့ လူတွေအတွက် စာရေးသူက ဥပမာတစ်ခုပေးပြီး တင်ပြချင်ပါတယ်။
တစ်ပေကျယ်ဝန်းပြီး နှစ်ပေအမြင့်ရှိတဲ့ ဖန်ပုလင်းတစ်လုံးကို ယူပါ။ ပြီးလျှင် အဲဒီဖန်ပုလင်းထဲကို အာလူးအပြည့်ထည့်ကြည့်ပါ။ ကဲ…ဘယ်လိုလဲ?။ ပြည့်သွားပြီလား?။
အဖြေ။ ။ ပြည့်သွားပြီ။
ဟုတ်ပြီအခုဆိုရင် အာလူးပြည့်နေတဲ့ ဖန်ပုလင်းထဲကို ကျောက်စရစ်ခဲလေးတွေ အပြည့်ထပ်ထည့်ပြီး လှုပ်ကြည့်လိုက်ပါ။ ပြည့်သွားပြီးလား?။
အဖြေ။ ။ ပြည့်သွားပြီ။
ဟုတ်ပြီ အဲဒီပုလင်းထဲကိုပဲ ထပ်ပြီး သဲတွေထပ်ဖြည့်လိုက်ပါ။ ပုလင်းကို လှုပ်ကြည့်ပါ။ ပြည့်သွားပြီလား?။ ပြည့်သွားပါပြီ။
အဲဒီဖန်ပုလင်းထဲကိုပဲ ကော်ဖီတွေဖျော်ပြီး လောင်းထည့်လိုက်ပါ။ ပြည့်သွားပြီလား?။
အဖြေ။ ။ ပြည့်သွားပြီ။
လူ့ဘ၀မှာ အတတ်ပညာတွေ သင်ယူတယ်ဆိုတာလဲ ဒီအတိုင်းပါပဲ။ ကိုယ့်ကိုယ်ကို လူတိုင်းက ပြည့်ဝနေပြီလို့ ထင်တတ်ကြပေမယ့် ဟာကွက်၊ အားနည်းချက်၊ ဖြည့်စရာ၊ သင်ယူစရာတွေကတော့ အမြဲရှိနေပါတယ်…။
အဲဒီ ဖန်ပုလင်းကို ကိုယ့်ရဲ့ဘ၀လို့ မြင်ကြည့်လိုက်ပါ။ အာလူးသီးတွေကိုတော့ မိသားစုတို့ သားသမီးတို့ ကျန်းမာရေးတို့၊ သူငယ်ချင်းကောင်းတို့၊ ကိုယ်တန်ဘိုးအထားဆုံး အနှစ်သက်ဆုံးအရာတို့ စတဲ့အရေးကြီးတဲ့ အရာတွေလို့ သဘောထားပါ။ တခြားဟာတွေ ဘာမှမရှိတော့ဘဲနဲ့ သူတို့ချည်းပဲ ကျန်ခဲ့ရင်တောင် ဘ၀ကို ပြည့်စုံစေမယ့်အရာတွေ ဖြစ်တယ်။ ကျောက်စရစ်ခဲတွေကတော့ တခြားအရေးပါတဲ့အလုပ်တို့၊ အိမ်တို့ ကားတို့ပေါ့။
သဲတွေကတော့ ကျန်တဲ့ သေးသေးမွှားမွှား အရာအားလုံးပေါ့။ သဲတွေကိုသာ ပုလင်းထဲ အရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲ့တို့ အာလူးသီးတို့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး။
ဘ၀ဟာလည်း ဒီလိုပဲ။ ကိုယ့်ရဲ့ အချိန်တွေ လုပ်အားတွေကို သေးသေးမွှားမွှား ကိစ္စတွေ အတွက်ပဲ အကုန်လုံးသုံးပစ်ရင် တကယ်အရေးကြီးတဲ့ အရာတွေအတွက် ဘယ်တော့မှ ကျန်မှာမဟုတ်ဘူး။
ကိုယ့်ဘ၀ရဲ့အဓိကကျတဲ့အရာတွေကို အလေးထားပါ။ သားသမီးတွေရှိလာရင် ကလေးတွေနဲ့ အချိန်ပေးပြီး ကစားပါ။ ကျန်းမာရေးကိုလည်း ပုံမှန်စစ်ဆေးပါ၊ ကိုယ့်ဇနီး ခင်ပွန်းသည့်နဲ့ ညစာ အတူတူ ထွက်စားတာမျိုးတွေ လုပ်ပေးပါ။ ကိုယ့်အတွက် တကယ်အရေးပါတဲ့ အာလူးသီးလိုမျိုး အရာတွေကို အလေးထားပါ။ ကိုယ့်အတွက် ဘယ်ဟာက ဘယ်လောက်အရေးကြီးလဲဆိုတာကိုလည်း အဆင့်ခွဲခြားသတ်မှတ်ထားပါ။ ကျန်တာတွေကတော့ သဲတွေပါပဲ။ ဖန်ပုလင်းထဲကို ထပ်လောင်းထည့်လိုက်တဲ့ ကော်ဖီတွေရဲ့အဓိပ္ပာယ်ကတော့ ကိုယ့်ရဲ့ဘ၀မှာ ဘယ်လောက်ပဲ လုပ်စရာအလုပ်တွေများ ပြည့်နေပါစေ။
သူငယ်ချင်းကောင်းတစ်ယောက်နဲ့ အေးအေး ဆေးဆေးထိုင်ပြီး ကော်ဖီနှစ်ခွက်လောက်တော့ သောက်လိုက်ပါ။
အချိန်တွေ ဘယ်လောက်ပဲ အကုန်မြန်ပါစေ၊ အလုပ်ကိစ္စတွေ ဘယ်လောက်ပဲများများ သူငယ်ချင်းကောင်းနဲ့ ကော်ဖီသောက်လိုက်ရတဲ့ အချိန်လေးတော့ ပေးနိုင်အောင် ကြိုးစားကြည့်ပါ…။
(ကော်ဖီသောက်နိုင်အောင် ကိုယ့်မှာတော့ အရေးကြီးတဲ့အရာတွေ ပြည့်စုံနေဖို့တော့ လိုအပ်တာပေါ့…)
အဓိပ္ပာယ်ရှိတဲ့ ဘ၀တွေကိုယ်စီ ရရှိပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…..။
(မှတ်ချက်။ ။ အရှင်ဣဒ္ဓိပါဘ၏ No-1 စာအုပ် စာမျက်နှာ-၅၃၆-၇ မှ ကူးယူ ဝေငှ ဖော်ပြပါသည်။)