Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

အနာဂတ်သာသနာရေး အပိုင်း(၁၁၇) စရဏ မရောက်သမျှ အကျိုးမရ

$
0
0


စရဏ မရောက်သမျှ အကျိုးမရ

[ကိုယ်ကျင့်တရားကို ““စရဏ””ဟု ခေါ်၏၊]

ဥဒ္ဒါလကဇာတ်၌ ဥဒ္ဒါလရသေ့သည် ဝေဒသုံးပုံကို တတ်သော ဂိုဏ်းဦးစီးနာယက ဆရာကြီးတည်း၊ သူသည် ဘုရားအလောင်း ပုရောဟိတ်ကြီးနှင့် စကားပြောကြရာ၌ ပုရောဟိတ်ကြီးက “ဝေဒသုံးပုံကို တတ်ရုံမဆိုထားနှင့်, ဝေဒအပုံတစ်ထောင်ပင် တတ်၍ နေသော်လည်း အကျင့်စရဏသို့ မရောက်သေးသမျှ (ကောင်းကောင်း မကျင့်သမျှ) ဒုက္ခမှ မလွတ်နိုင်သေးပါ”ဟု ပြောဆိုလေသော်… ရသေ့က “ဒီလိုဆိုရင် ဝေဒတွေဟာ အကျိုးမပြီး အချည်းနှီးဟု ဆိုလိုပါသလား”ဟု မေးလျှင် ပုရောဟိတ်က “ဝေဒတွေကို အချည်းနှီးတွေ”ဟု မဆိုလိုပါ၊ ဝေဒတတ်တော့ “ဝေဒကျမ်းတတ် ပညာရှိကြီး”လို့ နာမည်ကျော်တာပေါ့၊ လာဘ်ပေါ၍ အခြွေအရံများတာပေါ့၊ ဘယ်လောက်ပင် နာမည်ကျော်ကြား၍ လာဘ်ပေါများသော်လည်း ဒီတစ်ဘ၀သာ နာမည်ကျော်နိုင် လာဘ်ပေါနိုင်တာပဲ၊ အကျင့်စရဏကို ကျင့်မှသာ နောက်နောင်အခါ ဘ၀သံသရာ၌ အေးချမ်းမှု ရှိနိုင်တယ်ဟု ပြောလေသည်။

မှတ်ချက်။       ။ဤဇာတ်တော်၌ ဝေဒသုံးပုံဟူသည် ပိဋကသုံးပုံကဲ့သို့           ဗြာဟ္မဏတို့ အလွန်လေးစားအပ်သော အတတ် ပညာတည်း၊ (ယခုအခါ “ဗေဒင်သုံးပုံ”ဟု ခေါ်သည်၊) ထိုဇာတ်၌ ပုရောဟိတ်ကြီး၏ စကားသည် ယခုအခါ စာပြန်ပွဲ အောင်မှုတစ်ခုကိုသာ အဓိကထား၍ ကြိုးစားကြသူများ သတိထားသင့်သော စကားတစ်ရပ်ပေတည်း၊ ကျမ်းစာတို့၌ကား “နာမည်ကျော်ကြား လာဘ်ပေါများအောင် စာသင်ခြင်းထက် (ဘာမျှ မလုပ်ဘဲ) အိပ်နေ ခြင်းက တော်သေး၏”ဟု မိန့်တော်မူပါသည်။ [မဇ္ဈိမပဏ္ဏာသ, အလဂဒ္ဒူပမာသုတ် အဋ္ဌကထာ။]

စရဏမပါခြင်း အပြစ်များ

ငယ်ရွယ်စဉ်က စ၍ ဆရာကောင်းများအထံ၌ ကိုယ်ကျင့် (စရဏ)ကို မျိုးစေ့ရခဲ့သူများသည် (များသောအားဖြင့်) သာသနာတော်၌ တာရှည် နေနိုင်ကြ၊ နေသလောက်လည်း မိမိအကျိုး, သာသနာ့အကျိုးကို ဆောင်နိုင်ကြ၏၊ မျိုးစေ့မရခဲ့သူများကား ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဘဲ တာရှည်နေလိုစိတ်လည်း မရှိကြ၊ မထွက်သာ၍ အောင့်အည်း နေရပြန်လည်း မိမိအကျိုး သာသနာ့အကျိုးကို မဆောင်နိုင်ကြချေ၊ ထို့ကြောင့် ကိုယ်ကျင့်မရှိဘဲ သာသနာမှာ တည်တံ့နေသူများထက် လူဝတ်လဲ၍ အပြင်ဘက်က သာသနာရေး အားပေးနေသော လူ ဥပါသကာများကိုသာ ချီးမွမ်းထိုက်ပေသည်။


          မှန်၏၊… လူပြန်တော် ဥပါသကာများသည် ကိုယ်တိုင်က သာသနာမှ ဖဲခွာခဲ့ရသော်လည်း သာသနာတော်၏ အခြေအမြစ်ကို စနစ်တကျ သိခဲ့ကြသောကြောင့် သာသနာဝင် ပုဂ္ဂိုလ်ကောင်းများကို လေးစားတတ်ကြ၏၊ မိမိတို့ တတ်နိုင်သည့်ဘက်က သာသနာရေး ကိုလည်း အားပေးတတ်ကြသေး၏၊ လူနှင့်ဆိုင်ရာ ဒါန သီလကို အားထုတ်နေလျှင်လည်း နောင်သံသရာအတွက် နစ်နာဖွယ် အချက်မှ ကင်းလွတ်စေနိုင်ကြသေး၏၊ ကိုယ်ကျင့်မပါဘဲ သာသနာ တော်၌ တည်နေသူကား သူ့အတွက် မသက်သာရှာတော့ချေ။

စာသင်တိုက်နှင့်စရဏ          

ယခုအခါ စာသင်တိုက်များ တည်ရှိပုံသည်လည်း စရဏကို အားပေးခြင်းထက် ပရိယတ်ကိုသာ အားပေးခြင်းက များသကဲ့သို့ ဖြစ်နေ၏၊ ရှင်းပြဦးအံ့…ယခုအခါ စာသင်တိုက်များစွာသည် မြို့ကြီးများ၌သာ တည်ရှိနေကြ၏၊ စာသင်သားများကား ကျေးလက်တောရွာများမှ လာရောက်သူများ ဖြစ်ကြ၏၊ စာသင်တိုက်များ၌ သံဃာ အရေ အတွက်လည်း များပြားလှ၏၊ ထိုမျှလောက် များပြားနေသော စာသင်သားတွေကို ဆရာတော်တို့ နိုင်နိုင်နင်းနင်း အုပ်ချုပ်ဖို့ရန် မလွယ်ကူလှချေ၊ ထိုအားလုံးကို ဆွမ်းကွမ်းစသည် လုံလောက် အောင် စောင့်ရှောက်ဖို့မှာကား ဆွမ်းတော်ထား၍ ၀မ်းတော်မှ မနိုင့်တနိုင် ဖြစ်နေကြ၏၊ ထို့ကြောင့် “စာသင်သွားမည်”ဟု ကြံစည်လိုက်လျှင် (စာသင်တိုက်၏ အခြေအနေကို ကိုယ်တွေ့ကြုံပြီး စာသင်သားကြီးများထံမှ သတင်းကြားဖြင့်) ဆွမ်းရေးကို စဉ်းစားရှာ ကြရတော့၏၊ ထိုအခါ ပေါ့ပေါ့ပါးပါး ယူဖို့ရာ (သိက္ခာပုဒ်ဖြင့်  အတင်းအကြပ် တားမြစ်ထားအပ်သော) ငွေကိုသာ ရှာကြံကြရ လေတော့သည်။

          ထိုငွေကို ရပြီးသည့်နောက်… ငွေကို ကိုင်မည့် ကပ္ပိယ ကျောင်းသား ခေါ်သွားဖို့ရာလည်း (နေထိုင်ရေး စားသောက်ရေးမှ စ၍) တာဝန်လေးမည်ဖြစ်သောကြောင့် ခေါ်ဖို့ခဲယဉ်း၏၊ သို့ဖြစ်လျှင် ကိုယ့်ဝန် ကိုယ်ထမ်း ကိုယ့်လမ်း ကိုယ်သွားဖို့ရာ ထိုငွေကို ကိုယ့် သေတ္တာထဲ ထည့်ကာ သိက္ခာပုဒ်တော်ကို ရိုသေပါလျက် မတတ်သာ၍ ငွေကိုလည်း ကိုင်မိရှာကြပါတော့သည်၊ ပထမသော် ငွေ မကိုင်ကောင်းမှန်းသိလျက် မလွှဲသာ၍ ရွံ့တွံ့တွံ့နှင့် ကိုင်မိရှာကြ၏၊ အတော်ကြာသောအခါ မကိုင်ကောင်းဘူးဆိုတဲ့ စိတ်များ မေ့ပျောက် သွားပြီးလျှင် ကိုင်ရိုးကိုင်စဉ် ရဲရဲတင်းတင်း ကိုင်လေ၏၊ မြို့ကြီးပြကြီး ရောက်စ၌ ပထမသော် ဆွမ်းဆိုင်ဆိုသည်မှာ ကိုယ်တိုင်ဝယ်၍ မစားဝံ့ကြ၊ ရှက်သလို ရွံ့သလို ဖြစ်နေ၏၊ အတော်အသားကျသည့် အခါ “ဒီလို ကိုယ်တိုင် ၀ယ်စားရခြင်းသည် စာသင်သားတိုင်း မလွှဲသာသော ဓမ္မတာအလုပ်တည်း”ဟု ထင်လာပြီးလျှင် ဈေးဆိုင် ဟူသမျှသို့ သွားရဲ လာရဲ ၀ယ်ရဲ ဈေးဆစ်ရဲကာ ဈေးသည် ဒကာမက အထက်က မိမိက အောက်က နေ၍ ဈေးဝယ် ဈေးဆစ်ရသည်ကို ရှက်စရာဟု မထင်တော့ချေ။

          ဈေးသွားရင်း… သြက္ခိတ္တစက္ခု သိက္ခာပုဒ်ကိုလည်းကောင်း, သုပ္ပဋိစ္ဆန္န စသော သိက္ခာပုဒ်များကိုလည်းကောင်း မစောင့်စည်းနိုင်တော့သဖြင့် ထိုထိုအာရုံများကို မြင်တွေ့ခဲ့ရကား ကျောင်းတော်ရောက်သော် အတွေးပေါ်လာတတ်ပြန်၏၊ စိတ်ပြေလက်ပျောက် အဖော်ကောင်းသဖြင့် ပွဲသွားကြည့်မိ၏၊ ပထမသော် မကြည့်ကောင်း မှန်းသိလျက် မနေနိုင်၍ကြည့်မိ၏၊ နောက်၌ကား ရိုးနေလေတော့၏၊

ဤသို့ စသည်ဖြင့် ကိုယ်ကျင့်စရဏ ဖျက်ချင်စိတ် မရှိကြသော်လည်း နေရာဌာနလိုက်၍ ပျက်ကြရလေတော့သည်။ … [ အားလုံး စာသင်သားများ ဤနည်းအားဖြင့် စရဏ ပျက်ကြရသည်ဟု မဆိုလိုသော်လည်း အများအပြားကား ဤနည်းနှင်နှင် ပျက်ကြရသည်၊ ထူးခြားသော စာသင်တိုက် တချို့နှင့် ထူးခြားသော ဆရာသမား များကို မှီခိုကြရသူများသာ ကံကောင်းထောက်မ၍ စရဏမပျက်ဘဲ ရှိကြရပေသည်။]

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...