၃၉။ ဤသည့်သုံးပါး ဉာဏ်အားသိမှ ပဏ္ဍိတ
မာတာဝ ပရဒါရေသု၊
ပရဒဗ္ဗေသု လောဋ္ဌံဝ။
အတ္တာဝ သဗ္ဗဘူတေသု၊
ယော ပဿတိ သ ပဏ္ဍိတော။ (ဟိတောပဒေသ)
ယော=အကြင်အဆိုးအကောင်း ကျိုးအကြောင်းကို၊ ကောင်းစွာမြင်သိ ပညာရှိသည်၊ ပရဒါရေသု=သူတစ်ပါးတို့၏ ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးအပ်သော သားမယားတို့၌၊ မာတာဝ=မိမိ၏ မွေးသည့်မိခင် ကျေးဇူးရှင်ကဲ့သို့၊ ပဿတိ=ကြည့်ရှုဆင်ခြင် စိတ်ဝယ်ထင်၏။
ပရဒဗ္ဗေသု=သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာ ရတနာ ရွှေငွေ အထွေထွေတို့၌၊ လောဋ္ဌံဝ=အသုံးမပြီး အချည်း နှီးသော မြေကြီးမြေခဲကဲ့သို့၊ ပဿတိ=ကြည့်ရှုဆင်ခြင် ဉာဏ်၌မြင်၏။
သ-သော=ထိုသို့သော အရာဌာနတို့၌ နေရာကျ သိမြင်တတ်သောသူသည်၊ ပဏ္ဍိတော=ဆင်ခြင်ဝေဖန် အမြင်သန်သည့် ဉာဏ်ပညာရှိ လူက၀ိမည်ပေ၏။
---------
အဓိပ္ပါယ် အနှစ်ချုပ်
* သူတစ်ပါး၏၊ မယားချစ်ကြင်၊
တွေ့ဆုံမြင်သော်၊ မိခင်အလား၊
ဉာဏ်မြင်ထား၏။
* သူတစ်ပါး၏၊ ပိုင်ငြားရွှေငွေ၊
တွေ့မြင်ချေသော်၊ မြေခဲအလား၊
ဉာဏ်မြင်ထား၏။
* အများသတ္တ၀ါ၊ တွေ့ကြုံလာသော်၊
ပမာကိုယ့်တူ၊ ကြည်ဖြူသနား၊
ဉာဏ်မြင်ထား၏။
* ဤသည့်သုံးပါး၊ ဉာဏ်မြင်ထားသော်၊
ခေါ်ငြား ပဏ္ဍိ၊ ပညာရှိဟု၊
စွဲသိထင်ထင်၊ ဉာဏ်သက်ဝင်လော့။
---------
၄၀။ ကောင်းဖို့ခက်လှ ဆိုးဖို့ကလွယ်
အာရောပျတေ သိလာ သေလေ၊
ယတေန မဟတာ ယထာ။
နိပါတျတေ ခဏေနာဓော၊
တထာတ္တဂ္ဂုဏ ဒေါသတာ။ (ဟိတောပဒေသ )
ယထာ=အကြင်အခြင်းအားဖြင့်၊ မဟတာ=ကြီးစွာသော၊ ယတေန=အားထုတ်ကြောင့်ကြ ဗျာပါဒဖြင့်၊ သိလာ= ကျောက်တုံးကျောက်ဖျာ ကြီးကျယ်စွာကို၊ သေလေ=မြင့်မောက်အချက် ကျောက်တောင်ထက်သို့၊ အာရောပျတေ= အပန်းကြီးစွာ တင်ပို့ရာ၏။
ခဏေန=မကြာကာလ လျင်ခဏဖြင့်၊ အဓော=နိမ့်ရာဒေသ အောက်ဌာနသို့၊ နိပါတျတေ=လွယ်ကူလျင်စွာ ကျစေရာ၏။
အတ္တဂ္ဂုဏ ဒေါသတာ=မိမိ၏ ဂုဏ်နှင့်ဆိုးညစ် ကောင်း မကောင်းသော အဖြစ်တို့သည်၊ တထာ=ထိုနည်းပမာ အတူသာတည်း။
-----------
အဓိပ္ပါယ် အနှစ်ချုပ်
* ကျောက်တုံးကြီးလျှင်၊ တောင်ထိပ်တင်၊
အားအင် စိုက်ရ လွန်ခက်စွ။
* တောင်အောက်တစ်ခွင်၊ ကျစေချင်၊
အားအင် မစိုက်ရ လွယ်ကူစွ။
* ဂုဏ်သိရ်စွမ်းအင်၊ မြင့်လိုလျှင်၊
အားအင်စိုက်ရ လွန်ခက်စွ။
* ဂုဏ်သိရ်စွမ်းအင်၊ ကျစေချင်၊
အားအင်မစိုက်ရ လွယ်ကူစွ။
---------------