Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

အနာဂတ်သာသနာရေး အပိုင်း(၂၄) ဒေ၀ဒတ်အလောင်း ပါဝင်နေပုံ

$
0
0




ဒေ၀ဒတ်အလောင်း ပါဝင်နေပုံ

          ထို မျောက်အပေါင်းတို့တွင်  အကြံပက်စက်သော  ရှင်ဒေ၀ဒတ်အလောင်းမျောက်ကား မလွှဲသာ၍ ငယ်သားအဖြစ် နေရသော်လည်း ခေါင်းဆောင်မျောက်ကြီးကို မုန်းတီးရွံရှာလျက်ပင်၊ ထို့ကြောင့် မျောက်အားလုံး ဟိုဘက်ကမ်း ရောက်သည့်တိုင်အောင် သူကိုယ်တိုင် နောက်ချန်၍ မြင့်ပေ့ဆိုသော သစ်ကိုင်းပေါ် တက်နေ ကာ အားလုံး အပြီးတွင် ထိုအမြင့်ဆုံးမှ ခေါင်းဆောင်မျောက်ကြီး၏ ကျောပေါ်သို့ အတင်းခုန်ချလေသည်၊ ထို့နောက် အလွန်ပြင်းပြသော ဝေဒနာဖြင့် သစ်ကိုင်းကို ဆွဲမြဲဆွဲထားရှာသော ခေါင်းဆောင်ကြီး ကိုပင် နင်းဖြတ် ကျော်လွန်ကာ ဟိုဘက်ကမ်း ရောက်သွားသော်လည်း ခေါင်းဆောင်မျောက်ကြီးမှာကား ထိုဒဏ်ကြောင့် အသည်း နှလုံး ကွဲလျက် ကျန်ရစ်ရှာလေသည်။

ဘုရင်က ယုယပုံ

ဘုရင်သည်  ခေါင်းဆောင်မျောက်ကြီး၏ နွယ်တန်းလုပ်ပုံမှစ၍ နောက်ဆုံး ဝေဒနာ ရသည့်တိုင်အောင်  ငယ်သားများအတွက်  အသက်ကို  စွန့်၍ ကြိုးစားပုံကို လရောင်ဖြင့် မြင်ရသောကြောင့် လွန်စွာ အားရခြင်း ဖြစ်ရကား ခေါင်းဆောင်မျောက်ကြီးကို သစ်ကိုင်းမှ ညှာညှာတာတာ ချယူပြီးလျှင် ကောင်းစွာ ပြုစု၍ အတော်ကလေး နေသာသလို ရှိသောအခါ “မိမိကိုယ်ကို တံတားခင်းပြီးလျှင် ထိုမျောက်တွေကို ကယ်ဆယ်ရာ၌ သူတို့နှင့် အသင်မျောက်မှာ ဘယ်လိုများ တော်စပ် ပါသလဲ”ဟု မေးလေရာ…
         

“မဟာရာဇာ…ကျွန်ုပ်မှာ သူတို့၏ ခေါင်းဆောင်ဖြစ်၍ သူတို့ကား ကျွန်ုပ်နှင့် အမျိုးချင်း, အရွယ် အရပ်ချင်း တူပါလျက် “အရေး ပေါ်လာလျှင် ဖေးမစောင့်ရှောက်ဖော်ရလိမ့်မည်”ဟူသော မျှော်လင့် ချက်ဖြင့် သူတို့၏အကြီးအကဲအဖြစ်၌ထားကာ အရာရာ အရိုအသေ ပြုခဲ့ကြပေသည်၊ ကျွန်ုပ်ကလည်း “အရေးပေါ်လာလျှင် အရာရာကို စောင့်ရှောက်မည်””ဟု ၀န်ခံမထားသော်လည်း ၀န်ခံသည့်အနေမျိုးဖြင့် သူတို့၏ အထက်က လေးစားရိုသေမှုကို ခံနေခဲ့၏၊

ယခုလို ဘေးရန်ပေါ်ပေါက်သောအခါ မစောင့်ရှောက်နိုင်ဘဲ ကိုယ်လွတ် ရုန်း၍ ပုန်းရှောင်မည်ဆိုလျှင် အဘယ်မှာ တာဝန်ကျေပါမည်နည်း၊ ယခုကား သူတို့ကို ကယ်ဆယ်လိုက်ရသဖြင့် ကျွန်ုပ်တာဝန်ကျေပါပြီ၊ ကျွန်ုပ်မှာ ရောဂါရနေသည်ကိုလည်း မပူပါ၊ သေမည့် အရေးကို  တွေး၍လည်း မဆွေးပါ၊ ကျွန်ုပ်ကို ဥပမာတင်၍ အရှင်မဟာရာဇာ လည်း တိုင်းသူပြည်သား လူအများတို့ကို ကြိုးစားစောင့်ရှောက်ရစ် ပါတော့”ဟု  တရားစကားဖြင့်  ပြောဆိုကာ  ကွယ်လွန်ရှာလေတော့သည်။

ဓာတ်တော်နှင့်သြ၀ါဒ

ထိုမဟာရာဇာလည်း မျောက်မင်းကြီး၏ရုပ်အလောင်းကို  မင်းခမ်းမင်းနားဖြင့် သင်္ဂြိုဟ်ပြီးလျှင် ဦးခေါင်းခွံကို ရွှေချ၍ လှံဖျားပေါ်တင်ကာ ရှေ့မှာထားလျက် တိုင်းပြည်သို့ ပြန်ပြီးနောက် တစ်မြို့လုံးတန်ဆာဆင်၍ ခုနစ်ရက်တိတိ ဓာတ်တော်ပူဇော်ပွဲ ကျင်းပကာ ထိုဦးခေါင်းခွံ အရိုးဓာတ်ကို စေတီတည်၍ မျောက်မင်း၏ သြ၀ါဒအတိုင်း တရားသဖြင့် မင်းပြုလေသည်၊ ဤ၀တ္ထုဝယ် အလောင်းတော်၏ အသက်စွန့်ကာ ငယ်သားတို့ကို ကယ်ဆယ်လိုက်ခြင်းသည် အမျိုးသားအားလုံး၏ အကျိုးကို ကျင့်ခြင်းဟူသော ဉာတတ္ထစရိယာပင်တည်း၊ ဤသို့ အမျိုးသားအားလုံး၏ ကောင်းစားရေးကို ပြုကျင့်ခဲ့ရာ ဘ၀တွေကား မရေတွက်နိုင်အောင် များပြားပါပေသည်။

မှတ်ချက်။       ပြခဲ့သော လောကတ္ထစရိယာခန်း၌ ခတ္တိယတစ်မျိုးသာမက ခတ္တိယ, ဗြာဟ္မဏ, ဝေဿ, သုဒ္ဒဟု အမျိုး လေးပါးလုံး ပါဝင်သောကြောင့် ဉာတတ္ထစရိယာဟု မခေါ်ရဘဲ “လောကတ္ထစရိယာ”ဟု ခေါ်၏၊ ဤ၌ကား မျောက်အမျိုး တစ်မျိုးသာ ဖြစ်သောကြောင့် “ဉာတတ္ထစရိယာ”ဟု ခေါ်ရသည်။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...