ဆိုရင်တော့..ရင်လေးစရာ
အခု တပည့်တော် နှောင်းခေတ်သာသနာကို အမွေဆက်ခံကြမည့် ညီတော်များကို အဓိကရည်ညွှန်းပြီး ပြောသင့်သမျှ ပြောခဲ့ပြီးပါပြီ။ ၀ိနည်းတော်နဲ့ ညီတယ်၊ မညီဘူး၊ အပ်တယ်၊ မအပ်ဘူး ဆိုတာထက် ဘုရားပေးတဲ့ မိမိတို့ရဲ့ မူလအသွင်ပေါ်မှာ ချစ်ခင်မြတ်နိုးစိတ်များ၊ တန်ဖိုးထားလိုစိတ်များ ဖြစ်စေလိုပြီး ထိုစိတ်ဓာတ်များနဲ့အတူ ထေရ၀ါဒမူလအသွင်ကို ထိန်းသိမ်းစောင့်ရှောက် စေလိုမှုကိုသာ ဦးစားပေး ပြောပြခဲ့တာပါ ဘုရား။
ထေရ၀ါဒလိင်္ဂသာသနာ အတွက်ကိုသာ ရည်ညွှန်းပြောနေသည့်အတွက် အသွင်နှင့် မပတ်သက်သော အရာတွေကိုတော့ လျစ်လျူရှုထားခဲ့ပါတယ် ဘုရား။ ကိုယ့်အသွင်ကို ကိုယ် ကိုယ်တိုင် မချစ်နိုင်သည်ပဲ ထားဦး အသွင်ကိုပျက်စေမည့် ၀တ် စား နေထိုင်မှုတွေကြောင့် မုန်းသလိုမျိုး မဖြစ်ရ အောင်တော့ “ငါ ရဟန်း၊ ငါ သာမဏေ”ဆိုတဲ့ သညာကို မြဲမြဲကြီး ဆောင်ထား နိုင်ကြဖို့ပါ ဘုရား။ ကိုယ့် အ၀တ်ရဲ့ သမိုင်းကြောင်းကို ဆင်ခြင်စဉ်းစားနိုင်ရင်ပဲ အ၀တ်ပေါ် ချစ်စိတ်တွေ ရှင်သန်လာနိုင်ပါတယ်။
တကယ်တော့ တပည့်တော်တို့ ပရိက္ခရာတွေနဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ်လေး ဖြစ်သင့်ပါတယ် ဘုရား။ ဥပဒေသော်လည်း ပြဋ္ဌာန်း သင့် ရင် ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်၊ ဒီလိုမှ မဟုတ်ရင် ရောင်းသူ များကလည်း သင့်, မသင့် မဆင်ခြင်၊ တော်, မတော် မစဉ်းစားဘဲ ရောင်းကြမယ်။ ၀တ်သူများကလည်း ထိုနည်း၎င်းင်း ဖြစ်ကြပြီဆိုရင်တော့...၊ ရင်လေး စရာပေါ့ ဘုရား။
ဆန္ဒပြုရင်း
“အညော မေ အာကပ္ပော ကရဏီယော”ဆိုတဲ့ မြတ်စွာဘုရား အဆုံး အမကို မိမိတို့ဘ၀ထဲရောက်အောင် ထည့်သွင်းကာ “လူ၏ပုံပန်း, ရှင်ရဟန်း, ရှောင်စမ်း ထာဝစဉ်”ဆိုတဲ့ ဆရာတော်များ အဆုံးအမကို နှလုံးမူကြပြီး “ကာလသားလို မနေနဲ့၊ ဘုန်းကြီးလိုနေ၊ ကြီးပွားမည်”ဆိုတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ သြ၀ါဒအတိုင်း ကျင့်သုံးနိုင်လျက် မိမိတို့ရဲ့ ထေရ၀ါဒလိင်္ဂသာသနာတော်ကို အသက်ထက်ဆုံး ကျနပီပြင်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အရှင်မွန် အရှင်မြတ်များ ဖြစ်နိုင်ကြပါစေဟု တပည့်တော် ဆန္ဒပြုရင်း ဤစာတန်းကို ဤနေရာတွင်သာ ရပ်လိုက်ရပါသည် ဘုရား။
အမှားများရှိခဲ့သော် သည်းခံခွင့်လွှတ်ပါရန် မေတ္တာရပ်ခံရင်း.....
အပညာတဘိက္ခု
၁၉-၁၀-၂၀၁၁