ထေရ၀ါဒအသွင်နဲ့ အရပ်ဒေသ
မိမိတို့ရဲ့ ထေရ၀ါဒအသွင်နဲ့ ထေရ၀ါဒသာသနာမထွန်းကားတဲ့ နေရာ ဒေသတွေမှာ သွားလာနေထိုင်တဲ့အခိုက် ဘာသာခြားတွေရဲ့ အထင်သေးမှု တွေ၊ နှိမ့်ချဆက်ဆံမှုတွေ၊ နောက်ဆုံး ရန်ပြုမှုတွေကိုပါ တွေ့လာရတတ်ပါ တယ်၊ ဒါတွေကို သည်းခံစိတ်၊ မေတ္တာကရုဏာထားစိတ်နဲ့အတူ တုန့်ပြန်နိုင်ရ ပါမယ်၊ မိမိကို အဲဒီလို နှိမ့်ချဆက်ဆံတဲ့အတွက် ဒေါမနဿတွေလည်း ဖြစ်စရာမလိုပါဘူး၊ အားငယ်စိတ်, ရှက်စိတ်တွေလည်း ဖြစ်စရာမလိုပါဘူး ဘုရား။
အဲဒီ ပြုမူဆက်ဆံမှုတွေကြောင့်ပဲ မိမိတို့ရဲ့ ထေရ၀ါဒအသွင်ကို ဘေးချိတ်ကာ သွားလာနေထိုင်မယ်ဆိုရင် ထိုသူတို့ရဲ့ ထေရ၀ါဒလိင်္ဂသာသနာအပေါ် အလေးထားစိတ်ဟာ သုညအောက် ဒီဂရီပေါင်းများစွာ ကျဆင်းနေပြီ လို့ ဆိုနိုင်ပါတယ်၊ တစ်နည်းအားဖြင့်လည်း မိမိတို့ရဲ့ ဆရာဥပဇ္ဈာယ်တို့နှင့် တကွ သာသနာတော်တစ်ခုလုံးကိုပါ စော်ကားရာလည်း ရောက်နေတယ် ဆိုတာ ထိုပုဂ္ဂိုလ်တို့ နားလည်ဖို့ လိုအပ်ပါတယ် ဘုရား။
အခြားဘာသာဝင်တွေရဲ့ အောက်ချဆက်ဆံမှုမျိုးကို မိမိအနေနဲ့ သည်းမခံနိုင်ဘူးဆိုရင် ထိုအရပ်ကို “ဝေရမဏိ”လုပ်ရုံပါပဲ ဘုရား၊ ကိုယ့်အ၀တ်၊ ကိုယ့်အသွင်ကိုတော့ မဖျက်စေလိုပါဘူး၊ ဖျက်ခဲ့ရင်တော့ ကိုယ့်အသွင် ကိုယ်မမြတ်နိုးလို့၊ မချစ်လို့ပဲပေါ့၊ အခြေအနေအရဆိုတာ အကြောင်းပြချက်တစ်ခု မဖြစ်သင့်ဘူး။ ဘာကြောင့်လည်းဆိုရင် “ဒီအ၀တ်ကို သူများကစွဲချွတ် တာမှ မဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင်ချွတ်ပြီး တစ်ဝက်တစ်ပျက် ပြောင်းလွဲ ယူထားလို့”ပါ။
ဝတ်နေကျအ၀တ်က လေးလာတတ်
ဗျာဒိတ်ရပြီးတဲ့ တပည့်တော်တို့ ဘုရားအလောင်းတော်မြတ်တောင် ဒီအ၀တ်ကို ကိုးခါပဲ ၀တ်ခဲ့ရပြီး သာသနာ့တာဝန်ကို ထမ်းခဲ့ရပါတယ်၊ အခု တပည့်တော်တို့ အရှင်ဘုရားတို့၊ ဒီအ၀တ်ကို ဒီဘ၀ ဒီတစ်ခါတော့ ၀တ်ခဲ့ရပြီ။ ၀တ်နေရတဲ့အချိန်၊ မြတ်နိုးစိတ်နဲ့အတူ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပဓာနလုပ်ငန်းများ မျက်ချည်ပြတ်နေတတ်ကြတဲ့ ရဟန်းသာမဏေတို့ အဖို့ ကိုယ့်အသွင် ကိုယ် ချစ်ခင်မြတ်နိုးနိုင်တဲ့ စိတ်လေးမှ မဖြစ်စေနိုင်ခဲ့ဘူး ဆိုရင် မိမိတို့အ၀တ်က တဖြည်းတဖြည်း လေးလာပါလိမ့်မယ်။
အနှစ်(၂၀)လောက် ၀တ်လာခဲ့သူလည်း လေးလာတတ်ပါတယ်၊ အနှစ်(၃၀-၄၀)လောက်အထိ ၀တ်လာခဲ့သူလည်း လေးလာတတ်ပါတယ်၊ လေးလာသည်နှင့် အမျှ မ၀တ်ချင်၊ ချွတ်ပစ်ချင်လောက်အောင်ကို လေးလံလာပါလိမ့်မယ်၊ အဲဒီအခါ ဘာဖြစ်လာမလဲ၊ သေပြီပေါ့ ဘုရား။
အ၀တ်နှင့် တန်ဖိုး
ဘာအကြောင်းကြောင့်ပဲ ၀တ်နေ ၀တ်နေ၊ ၀တ်နေရတဲ့အချိန်မှာ အ၀တ်ရဲ့တန်ဖိုးကို နားလည်နိုင်မယ်ဆိုရင် မြတ်နိုးစိတ်ဟာလည်း ရင်မှာ ကိန်းလာပါလိမ့်မယ်။ တန်ဖိုးကို နားလည်နိုင်စွမ်းရှိအောင် တပည့်တော်တို့ အရှင်ဘုရားတို့ ကြိုးစားယူရပါမယ် ဘုရား။ ဒီနေရာမှာ တန်ဖိုးဆိုတာလည်း တန်အောင်လုပ်တဲ့သူအတွက် ရရှိနိုင်တဲ့ အဖိုးအမြတ်ပါ၊ ကိုယ်က တန်အောင် မလုပ်သူ ဖြစ်နေခဲ့ရင်တော့ တန်ဖိုးဆိုတာကိုလည်း နားလည်နိုင်၊ ခံယူနိုင်မှာ မဟုတ်ပါဘူး၊ အလွယ်ရတယ်လို့ မှတ်ထင်နေမိခဲ့ရင်လည်း တန်ဖိုးထားရ ကောင်းမှန်း မသိနိုင်ပါဘူး။ တပည့်တော်တို့အ၀တ်ဟာ အခြေအနေရ ၀တ်ရတဲ့ အ၀တ်ပဲ ထားပါဦး၊ တန်အောင်လုပ်ရင် အဖိုးများလှတဲ့ အ၀တ်တစ်ခု ရယ်ပါ ဘုရား။