ဘယ်လိုပြောရမလဲ ?
ဘုရားပေးတဲ့အရိယာအသွင်ပေါ်မှာကာမဘောဂီတို့ရဲ့အသွင်အမျိုးမျိုးတွေရောနှောလာခဲ့မယ်ဆိုရင်မိမိတို့ရဲ့ရှင်ရဟန်းအသွင်ဟာမပီပြင်တော့ဘူးပေါ့ဘုရား။“အာဂလိအောက်”ဆိုတဲ့စကားလိုပဲပြောရမလား။“ဖားတစ်ပိုင်းငါးတစ်ပိုင်း”လို့ပဲပြောမလား။“ဗုံမဟုတ်ပတ်မဟုတ်”လို့ပဲပြောရမလား။“သောင်မတင်ကမ်းမကျ”လို့ပဲပြောရမလား။ဘယ်လိုပြောရမလဲဆိုတာကိုတပည့်တော်တို့အရှင်ဘုရားတို့ကိုယ်တိုင်ပဲစဉ်းစားမိကြဖို့လိုပါတယ်ဘုရား။
ဂုဏ်ကိုလက်ခံနိုင်တဲ့သတ္တိ
အထက်ကပြောခဲ့တဲ့“ဥပရိဘူတာသမ္ပဒါဥပသမ္ပဒါ”ဆိုတဲ့စကားအတိုင်းဘုရားပေးတဲ့ရှင်ရဟန်းတို့အသွင်ဟာအထက်တန်းကျတဲ့ဂုဏ်ရှိတဲ့အသွင်တစ်မျိုးပါ၊ပီပြင်တဲ့အသွင်အပြင်ကိုပြောတာပေါ့ဘုရား။အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကတော့“အ၀တ်အစားတတ်ဖို့ကပဉ္စမ” ရယ်လို့လေးလေးနက်နက်ချမှတ်တော်မူခဲ့ပါတယ်။ဘုရားရှင်ကဂုဏ်ရှိတဲ့အသွင်ကို၊တစ်နည်းအားဖြင့်ဂုဏ်ကိုပေးပေမဲ့အဲဒီဂုဏ်ကိုလက်ခံနိုင်တဲ့စိတ်ဓာတ်သတ္တိမျိုးတပည့်တော်တို့အရှင်ဘုရားတို့မှာမရှိခဲ့ရင်၊ခွေးကိုပတ္တမြားပေးသလိုများဖြစ်နေမလား? စဉ်းစားမိတာကိုပြောပြတာပေါ့ဘုရား။
“ဂုဏ်မဲ့သသူ, ဂုဏ်ပေးမူလည်း
ဂုဏ်မယူလို, မကြည်ညိုဘူး
ခွေးကိုပတ္တမြား, ပေးသောလားတည့်
မခြားပုံသေ, ဖြစ်တတ်ချေ၏၊
သက်ဝေဘုန်းပျို့, မှတ်တုံမြို့ရှင့်” လို့မဃဒေ၀ဆရာတော်ဘုရားကြီးကတော့သီကုံးခဲ့ဖူးပါတယ်။
ကိုယ်ပိုင်အသွင်ကိုယ်စီနဲ့
လူဖြစ်သည့်အတွက်လူ့အသွင်အပြင်နဲ့နေတာဟာကဲ့ရဲ့စရာမဖြစ်ပေမဲ့ရဟန်းအသွင်အပြင်မျိုးယူခဲ့ရင်တော့ချီးမွမ်းစရာမဖြစ်ဘဲကဲ့ရဲ့စရာသာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုရင်လူဖြစ်နေလို့ပါပဲ။အသွင်ကိုခိုးယူထားလို့ပါပဲ။
ထို့အတူရဟန်းသာမဏေများဟာလည်းရဟန်းသာမဏေဖြစ်သည့်အတွက်ရဟန်းသာမဏေတို့ရဲ့အသွင်အပြင်ကိုယူပြီးနေရင်အထူးတလည်ချီးမွမ်းစရာကြီးမဖြစ်ပေမဲ့ကဲ့ရဲ့စရာတော့မဖြစ်ပါဘူး။လူ့အသွင်အပြင်ကိုယူခဲ့ရင်တော့တကယ့်ကိုကဲ့ရဲ့စရာဖြစ်လာပါတော့တယ်။ဘာ့ကြောင့်လည်းဆိုရင်ရဟန်းသာမဏေဖြစ်နေလို့ပါပဲ။မျက်စိအမြင်မှာလည်းဆန်းပြားနေပါတယ်၊အမြင်ချင်းမတူတာတော့ရှိလိမ့်မပေါ့။အချီးမွမ်းခံရအောင်လုပ်ရခြင်းထက်အကဲ့ရဲ့မခံရအောင်လုပ်ရခြင်းကပိုပြီးခက်လိမ့်မယ်လို့ထင်ပါတယ်။လူတိုင်းကိုဘ၀နဲ့ဆန္ဒတစ်ထပ်တည်းဖြစ်နေစေဖို့မတိုက်တွန်းလိုပါဘူး။ဘာ့ကြောင့်လည်းဆိုရင်ကိုယ်ကိုယ်တိုင်ပင်အခါခပ်သိမ်းဘ၀နဲ့ဆန္ဒတစ်ထပ်တည်းဖြစ်မနေလို့ပါပဲ။
ဒါပေမဲ့ဘယ်သူဖြစ်ဖြစ်ကိုယ့်အသွင်နဲ့ကိုယ်ကိုက်ညီအောင်နေဖို့၊ကိုယ့်အသွင်ကိုကိုယ်ကိုယ်တိုင်တန်ဖိုးထားတတ်ဖို့လိုပါလိမ့်မယ်။လူဖြစ်တဲ့သူကရဟန်းဘ၀ရဟန်းအသွင်အပြင်ကိုခုံမင်မြတ်နိုးနေခြင်းဟာကဲ့ရဲ့ဖွယ်မဖြစ်သော်လည်းရဟန်းသာမဏေဖြစ်ပါလျက်လူ့အသွင်အပြင်ကိုခုံမင်မြတ်နိုးနေရင်ရှက်စရာပင်ဖြစ်ပါတော့တယ်။ရှက်လည်းရှက်တတ်မယ်ဆိုရင်ပေါ့ဘုရား။
လူ့အသွင်ကိုခုံမင်လို့ဝတ်တာပဲဖြစ်ဖြစ်၊အခြားအကြောင်းတစ်မျိုးမျိုးကြောင့်ဝတ်တာပဲဖြစ်ဖြစ်၊လူ့အသွင်ဟာလူ့အသွင်မို့ရဟန်းသာမဏေတို့ရဲ့အသွင်ပြင်မဟုတ်ပါဘူး၊ဒီတော့ကိုယ့်အသွင်မဟုတ်တဲ့လူ့အသွင်ကိုယူလိုက်တာနဲ့ပင်မြတ်စွာဘုရားရဲ့လိင်္ဂသာသနာကိုအရစ်ကျဖျောက်ဖျက်ပစ်ရာလည်းရောက်သွားတယ်ဆိုတာတပည့်တော်တို့အရှင်ဘုရားတို့ကနားလည်သဘောပေါက်ထားရပါမယ်ဘုရား။ရဟန်းသာမဏေကလူ့အသွင်နဲ့တည်လို့ဖြစ်မှမဖြစ်သင့်ပဲကိုး။