မြန်မာဝန်ကြီးများ မှူးကြီးများအတ္ထုပ္ပတ္တိ၌
မှော်ဘီဆရာသိန်းကြီး ရေးသားသော စကားအသွားအလာကို ထောက်ရှုသော်
ဦးဘိုးလှိုင်သည် ဘဝနိဂုံး ချုပ်ရတော့မည်ကို စိတ်စောလျက် ရှိဟန်တူသည်။
ဤသို့ စိတ်စော၍နေဟန် လက္ခဏာရှိသည်ဟု ဆိုရသော်လည်း
မရဏနှင့် ရင်ဆိုင်ရမည့်အရေးကို မျှော်တွေး၍
တုန်လှုပ်ကြောက်လန့်သည့် အခြင်းအရာမျိုး မဟုတ်၊
တစ်နေ့နေ့တွင် မုချမသွေ တွေ့ရလေမည်ဖြစ်သော မရဏတရားကို
ပညာရှိယောက်ျားပီပီ မျက်နှာချင်းဆိုင်၍ တွေ့နိုင်ရန်
အသင့်ပြင်လျက်ရှိသည့် အခြင်းအရာသာ ဖြစ်သည်။
မှော်ဘီဆရာသိန်းကြီးရေးသားထားပုံကိုကြည့်လျှင်
ဤသဘောသွားတို့သည် ထင်ရှား၏။
(မှော်ဘီဆရာသိန်းကြီး ရေးထားပုံမှာ--)
``ရွှေပြည်ဝန်မင်းသည် အာယုဒါယ အပိုင်းအခြားကို
နားလည်တော်မူသောအားဖြင့်
တစ်လလောက်က ကြိုတင်၍
ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ
စစ်ကိုင်းမြို့တွင်နေလျက်ရှိသော
ဦးတူ ဆိုသူကို ခေါ်စေ၍
ရောက်သောအခါ-
`မောင်တူ... မင်းနဲ့ငါ သူငယ်ချင်း များစွာချစ်ကြွမ်းဝင်သူ ဖြစ်ကြသည်။
ငါ့ကို မင်းကြီးဟု စိတ်ကစွဲလျက် ရိုသေခြင်း၊ ဘုရားထူးခြင်းကို မပြုနဲ့၊
ကျောင်းမှာ နေတုန်းကလို ငါ့ကို ဘိုးလှိုင်လို့ပဲ ခေါ်၊
မင့်ကိုလည်း မောင်တူပဲ ခေါ်မည်။
သူငယ်ချင်း ကျောင်းသားစိတ်မျိုးနှင့် စကားပြော၍
ငါ့အနားမှာ တစ်လနေပါ။
မင့်သားမယား စားသုံးရန် ငွေဒင်္ဂါး ၂ဝဝိ ကို
လူကြုံကြည့်၍ ပို့လိုက်၊
ငါ့ကို မင်းကျွေးချင်တာနဲ့ ကျွေး။
ငါ့ကို ဘာစားမလဲ မမေးနဲ့၊
မင်းကျွေးတာကို ငါ စားမည်။
မင်းပြောတာကို ငါ နားထောင်မည်။
သည်အခန်းကို ဝန်ကတော်မှစ၍ မည်သူမျှ မဝင်စေနှင့်` ဟု
စည်းကမ်းထားလျက်
နှစ်ယောက်သား ငယ်ငယ်တုန်းကလို ပြောဆိုရယ်မော၊
ကျောင်းမှာနေစဉ်ကစာများကို တစ်ယောက်တစ်လှည့် အံကြလေသည်။
ရံဖန်ရံခါ ရယ်စရာများလည်း ပြောကြလေသည်။
နေ့စဉ် ညဥ့်အိပ်ခါနီး ဝတ်တက်၊
ဦးတူကို မဟာသတိပဋ္ဌာန်သုတ်တော်ကို ရွတ်စေရာ
နာယူပြီးမှ သာဓုခေါ်၍ အိပ်သည်။
နောက် တစ်လစေ့ရောက် ညကျသောအခါ
လေးချက်တီးကျော် အချိန်အချိန်တွင်
` မောင်တူ... ယနေ့ ငါ စောစောအိပ်မည်ကွယ်၊
မင်း ငါ့ကို သတိပဋ္ဌာန်တရားတော်နှင့် ရွတ်ဆိုသိပ်ပါကွယ်။
ငါ တရားနားရင်း အိပ်ပါရစေ။
သုံးချက်တီးကျော်သောအခါ ငါ့ကို နှိုးပါကွယ်` ဟု
မှာထားအိပ်လေသည်။
ဦးတူလည်း ပြောသည့်အတိုင်း သတိပဋ္ဌာန်တရားတော်ကို
မပြတ်ရွတ်ဆိုရာ သုံးချက်တီးကျော်၍ နှိုးသောအခါ မနိုးလာ၍
လက်နှင့်ကိုင်ကြည့်ရာ
တောင့်လျက် ဝိညာဉ်ချုပ်ပြီး ဖြစ်နေရှာသည်ကို
တွေ့ရလေသည်။
(မောင်ထင်၊
ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း။
စတုတ္ထအကြိမ်ရိုက်၊ ၂ဝဝ၂၊ ဒီဇင်ဘာ။ နှာ-၁၃၅-၆။)
by U Ga Rava