အသွင်ဖျက်အ၀တ်ကြော်ငြာ
လွန်ခဲ့တဲ့၁၃၇၂-ခုနှစ်လောက်ကဆောင်းတွင်းကာလ၊ရန်ကုန်ရွှေတိဂုံအရှေ့မုခ်သင်္ကန်းဆိုင်တစ်ခုမှာဆိုင်ကဈေးသည်လေးရဲ့အနွေးထည်လက်ရှည်ကြော်ငြာကိုမြင်ခဲ့ရ၊နားထောင်ခဲ့ရဖူးတယ်။အဲဒီအ၀တ်က“လိင်္ဂသာသနာကိုဖျက်ဆီးတဲ့အသွင်ဖျက်အ၀တ်ပဲ”လို့ရင်ထဲကစကားလုံးတွေထွက်လာသော်လည်းနှုတ်ဖျားမရောက်ခင်ပဲပျောက်ကွယ်သွားခဲ့ရတယ်၊ပြောရမှာသနားစိတ်ဝင်သွားမိလို့ပါ။
ပိုလို့ ပိုလို့ ချစ်တဲ့သူ
အဲဒီအနွေးထည်အင်္ကျီလက်ရှည်ဝတ်တဲ့နေရာမှာအပိုင်းခွဲကြည့်ရင်၊
၁။ညအိပ်ချိန်သာဝတ်အိပ်သူ၊
၂။မိမိကျောင်းတွင်းသာဝတ်သူ၊
၃။ရပ်ထဲရွာထဲလမ်းမပေါ်၊လဘက်ရည်ဆိုင်၊နေရာမရွေးဝတ်သူ-လို့၃-မျိုးတွေ့ရတယ်။
၁-နံပါတ်ကသူများကိုမထိခိုက်စေပါဘူး၊မိမိအသွင်ကိုသာမိမိဖျက်ရာရောက်ပါတယ်။ကျန်၂-ဦးကတော့မိမိအသွင်ကိုလည်းဖျက်၊သူတစ်ပါးအသွင်ကိုပါဒိဋ္ဌာနုဂတိဖြစ်စေပြီးဖျက်ဆီးရာရောက်ပါတယ်။
၃-နံပါတ်ပုဂ္ဂိုလ်ထက်၂-နံပါတ်ပုဂ္ဂိုလ်ကလိင်္ဂသာသနာကိုပိုချစ်တယ်၊၂-နံပါတ်ပုဂ္ဂိုလ်ထက်၁-နံပါတ်ပုဂ္ဂိုလ်ကလိင်္ဂသာသနာကိုပိုလို့ချစ်တယ်၊၁-နံပါတ်ပုဂ္ဂိုလ်ထက်လုံးလုံးမ၀တ်သူကလိင်္ဂသာသနာကိုပိုလို့ပိုလို့ချစ်တဲ့သူပဲ၊ဒီလိုမှတ်ယူနိုင်ပါတယ်။အသွင်ဟာအမြင်အတွက်မျှသာမို့ဘာမှမပြောပလောက်ဘူးလို့လဲအရှင်ဘုရားများပေါ့ပေါ့လေးမမှတ်ယူသင့်ပါဘူး။မူလအသွင်ပျောက်ကွယ်ဖို့အရေးမှာအပိုဆောင်းဝတ်ဆင်လာကြတဲ့ကာမဘောဂီတို့ရဲ့ဒီအသွင်ဟာမူလတရားခံဖြစ်နေလို့ပါပဲဘုရား။
ဒိဋ္ဌာနုဂတိကိုသတိထားမိဖို့
သက်ကြီးရွယ်အိုများအချမ်းဒဏ်ကာကွယ်ဖို့ဝတ်ကြတာကိုတပည့်တော်များအနေဖြင့်တော့နားလည်ပေးနိုင်ပါတယ်၊သက်ကြီးရွယ်အိုးများကကျန်းမာရေးအရ၀တ်ကြသည်ကိုအခြားပုဂ္ဂိုလ်ငယ်တွေကအတုလိုက်ပြီးမ၀တ်သင့်ဘူးပေါ့ဘုရား၊နားလည်ပေးနိုင်ရမယ်လို့ဆိုလိုတာပါ၊သို့သော်လည်းလူတိုင်းနားလည်မှုမပေးနိုင်ကြပါဘူး၊ထင်ရှားတဲ့သူများရဲ့အပြုအမူတိုင်းဟာသတိထားစရာတစ်ခုပါ၊ဘာကြောင့်လည်းဆိုရင်အဲဒီပုဂ္ဂိုလ်တွေကိုလိုက်ပြီးအတုခိုးတတ်ကြလို့ပါပဲ။ဒီသဘောကိုပုဂ္ဂိုလ်တိုင်းနားလည်ကြမှာပါ၊ပရိသတ်ရှေ့ကပုဂ္ဂိုလ်များ၊လူသိများတဲ့ပုဂ္ဂိုလ်များ၊ခေါင်းဆောင်လုပ်နေသူများ၊ကင်မရာရှေ့ကပုဂ္ဂိုလ်များဟာလောကရဲ့ပြယုဂ်တွေပါ၊သူတို့ကိုမြင်တွေ့ကြပြီးလောကကအတုလိုက်တတ်ကြပါတယ်၊ဒါ“ဒိဋ္ဌာနုဂတိ”ပဲ။ဒီတော့တဖြည်းဖြည်းတစ်နိုင်ငံလုံးဝတ်လာကြတော့ပြီပေါ့။
အင်္ဂုတ္တရနိကာယ်ထဲကသုတ်တစ်သုတ်ကိုကဗျာရေးတဲ့ပုဂ္ဂိုလ်ကရေးထားတာကိုဖော်ပြပါဦးမယ်။
ရတ္တညူဂုဏ်တစ်ပါးရယ်နဲ့၊
လွန်ထင်ရှားလာဘ်မိုးစွေ။
သုတဂုဏ်ပြည့်ဖြိုးမောက်တယ်၊
အယူမှောက်လွဲခဲ့ရင်လေ။
မထေရ်ကြီးရယ်လို့ပုံတူမှီးနောက်လိုက်တွေ၊
အကျိုးမဲ့စေဖို့လူအားလုံး။
သတိပြုစေရာ, ကြည့်ရှုဒီခေတ်ခါ၏၊
ဂတိကာဒိဋ္ဌာနုကို၊ဉာဏ်ရှုပါအုံး။တဲ့။
ရတ္တညူဖြစ်တော်မူကြတဲ့မထေရ်ကြီးများ၊ပရိယတ္တိဗဟုသုတစတဲ့ဂုဏ်၊လာဘဂ္ဂမဟတ္တဂုဏ်စသည်တို့ဖြင့်ပြည့်စုံနေကြတဲ့တိုင်းကျော်ပြည်ကျော်မထေရ်ကြီးများကမှားယွင်းတဲ့အလုပ်တစ်ခုလောက်လုပ်မိလိုက်ရင်ကိုပဲအကျိုးမဲ့တွေဆက်ကာဆက်ကာဖြစ်လာတတ်တော့တယ်၊ဒါဟာဒိဋ္ဌာနုဂတိရဲ့သဘောပါပဲ၊မိမိဉာဏ်တော်နဲ့ရှုဆင်ခြင်တော်မူကြပါဦးလို့ရေးဖွဲ့ထားတာတွေ့ရပါတယ်။